မွန်နိုင်ငံရေး၊တော်လှန်ရေးအဖွဲ့တွေ စစ်အာဏာရှင်စနစ်ကိုအတူတကွ တိုက်ပွဲဝင်ဖို့ ပူးပေါင်းပြီ

မွန်နိုင်ငံရေး၊တော်လှန်ရေးအဖွဲ့တွေ စစ်အာဏာရှင်စနစ်ကိုအတူတကွ တိုက်ပွဲဝင်ဖို့ ပူးပေါင်းပြီ

စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို အတူတကွ တိုက်ပွဲဝင်နိုင်ဖို့ နွေဦးတော်လှန်ရေး ကနေပေါက်ဖွားလာတဲ့ မွန်နိုင်ငံရေးနဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ပူးပေါင်းဖို့ သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မွန်ပြည်သူတွေရဲ့ သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ကြား ညီညွတ်ရေးကို ရည်စူးပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC၊မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကတဆင့် မွန်ပြည်ကာကွယ်ရေးတပ် MSDFရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ တာဝန်ရှိသူတချို့က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှာ ပါဝင်ပြီး နိုင်ငံ ရေးတာဝန်တွေကို ပူးပေါင်းတာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ထံကနေ ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမှာဖြစ် တယ်လို့ သုံးပွင့်ဆိုင်ဆွေးနွေးမှုကနေ သဘောတူညီမှုရရှိထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ နိုင်မွန်စိုင်းက “မွန်အမျိုးသားလွတ်မြောက်ရေးပဲဖြစ်ဖြစ် လာမယ့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းတဲ့အချိန်မှာ မွန်ပြည်နယ်အနေနဲ့ ကိုယ့်ရဲ့ ပြည်နယ်ယူနစ်အနေနဲ့ ထူထောင်နိုင်ဖို့ လက်ရှိ ပြည်နယ်ထဲမှာ ရှိနေတဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။အဲဒီလိုမျိုး တိုက်ဖျက်ဖို့ တစ်ဖွဲ့တည်းအနေနဲ့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ဒီမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး စုစည်းမှုအားနဲ့ လုပ်ဆောင်မှ အောင်မြင်မယ် လို့ ကျွန်တော်တို့ (MSFC) က ယုံကြည်ထားတာဖြစ်တဲ့အတွက် တစ်ဘက်နဲ့တစ်ဘက် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ကျွန်တော်တို့ စီစဉ်ထားတာ ဖြစ်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် MSRF နဲ့  MSDF တို့ဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမျိုးမျိုးကို အမြစ်ပြတ် တဲ့အထိ တိုက်ပွဲဝင်ပြီး အချုပ်အခြာအာဏာနဲ့ ပြည့်ဝတဲ့မွန်ပြည်ထူထောင်နိုင်တဲ့အထိ မဟာမိတ် တပ်တွေအဖြစ် အတူတကွပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ သဘောတူထားပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းက မွန်ပြည်နယ်မှာ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ မွန်တော်လှန်ရေး လက်နက်ကိုင်တပ်တွေ တစ်စုတည်းဖြစ်ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်ပြည်နယ်မှာ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်တွေ တစ်စုတစ်စည်းတည်း ဖြစ်ဖို့ လိုတယ်။ဒီလို တစ်စုတစ် စည်းတည်းဖြစ်ပေါ်လာတဲ့ မွန်တော်လှန်ရေးတပ်ကနေတဆင့် ရှိနှင့်ပြီးသား နွေဦးတော်လှန်‌ရေး မှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မွန်ပြည်နယ်မှာ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေ လုပ်ဖို့ အတော့်ကို အရေးကြီးပါတယ်”လို့ပြောပါ တယ်။

မဟာမိတ်တပ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ဖို့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ MSRF နဲ့ MSDF တို့အနေနဲ့ အခြေခံစစ်သင်တန်းတွေနဲ့ စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အတူ တကွလုပ်ဆောင်သွားကြမှာပါ။

ဒါ့အပြင် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ စစ်ရေးအတွေ့အကြုံတွေကို အပြန် အလှန်ဖလှယ်သွားဖို့နဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ ပေါက်ပေါက်လာပါက မဟာမိတ်အသွင်နဲ့ အတူ တကွ တိုက်ပွဲဝင်သွားဖို့ သဘောတူထားတာဖြစ်ပါတယ်။

“အာဏာရှင်စနစ်အောက်က ပြည်သူတွေ ပင်ပန်းနေပြီ။ဒီဟာကို မြန်မြန်လေး အမြစ်ပြတ်ချေမှုန်း နိုင်ရင်တော့ ပိုပြီး ကောင်းတယ်။ (MSFC၊ MSRF၊ MSDF) ပူးပေါင်းခြင်းမှာလည်း လှိုက်လှဲစွာ ကြိုဆိုတယ်။ဒီထက်ပိုပြီးတော့ ကျန်ရှိနေတဲ့ အဖွဲ့အစည်းတွေလည်း အတူပူးပေါင်းပြီးတော့မှ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို သေချာကောင်းကောင်းလေး အစီအစဉ်တွေ ရေးဆွဲပြီး တိုက်ပွဲ ဝင်သွားဖို့ ပြည်သူတစ်ယောက်အနေနဲ့ မျှော်လင့်ပါတယ်”လို့မွန်ပြည်သူအမျိုးသမီးတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ဒေသမှာ လှုပ်ရှားနေကြတဲ့ မွန်လက်နက်ကိုင်အဖွဲ့တွေထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့ မွန်ပြည်သစ်ခွဲထွက် စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD တို့ရှိနေတာပါ။

အဲဒီထဲမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ဟာ မွန်ပြည်သစ်ပါတီ NMSP-AD နဲ့ မွန်ပြည်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO တို့နဲ့ မဟာမိတ်ဖွဲ့ထားသလို မွန်ပြည် တော်လှန်ရေးတပ် MSRF ကလည်း MSRO နဲ့ မဟာမိတ်ဖွဲ့ထားတာဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ တော်လှန်ရေးကာလအတွင်း မွန်နိုင်ငံရေးအဖွဲ့အစည်းအဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ MSICC ကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီအဖြစ် ၂၀၂၃ ခုနှစ်ဆန်းပိုင်းမှာ အသွင် ပြောင်းထားတာပါ။

လက်နက်ကိုင်တပ်တွေဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ကတော့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အာဏာသိမ်းကာလမှာ ဖွဲ့စည်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Most read this week

May 8, 2024
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မေ...
May 8, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေ...
May 7, 2024
စစ်ကောင်စီတပ်ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး...
May 7, 2024
မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်ထံ စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီး...