လားရှိုး အခြေစိုက် ရမခ စစ်တိုင်းရုံး တိုက်ခိုက်ခံရ

လားရှိုး အခြေစိုက် ရမခ စစ်တိုင်းရုံး တိုက်ခိုက်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ စစ်တိုင်းရုံးအား အမည်မသိ လက်နက်ကိုင် လူတစ်စုက မတ်လ ၂၅ရက်နေ့ ည ၈နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မြို့ခံ ပြည်သူများက ဆိုသည်။

လားရှိုးမြို့ ရပ်ကွက် ၁၀၊ ရန်အောင်မြင်ဘုရားအနီးမှ စစ်ရဟတ်ယာဉ် ရပ်နားထားသည့် ရမခ စစ်တိုင်းရုံးဝန်း အတွင်းသို့ အာပီဂျီ (RPG) အမျိုးအစားဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်သူမှာ မည်သူမှန်း မသိရသေးသော်လည်း အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ဦး စီးနင်းလာသည့် နက်ပြာရောင်ဖိုးဝှီးကားတစ်စီးမှနေ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း ရပ်ကွက် ၁၀ နေထိုင်သူ တစ်ဦးက ပြောသည်။

Lashio gate

လားရှိုးမြို့ခံ ကားဆရာ အားချန်းက “အခု မြို့ဝင်မြို့ထွက် ကားတချို့ကို ဟန့်တားတယ်။ စစ်ဆေးတယ်။ ဒီမနက် ၁၁နာရီတုန်းကအထိ စစ်ဆေးနေတုန်း။ ကားတွေကို မန္တလေးကိုု သီပေါကနေ တိုက်ရိုက်ပေးမဆင်း ဘူး။ နမ္မတူဘက်ကနေ ပတ်သွားရတယ်။ တားထားတဲ့ ကား ၁၀၀၀ကျော်တယ်။ သေချာစိတ်ချမှ ဝင်ထွက်ခွင့်ပြုတယ်။ နေလို့မကောင်းတော့ဘူး ကျနော်တို့မြို့လည်း သေနတ်သံက နေ့တိုင်း လိုလို ကြားနေရတယ်” ဟု ပြောသည်။

“ညဘက်ဆို လေယာဉ်ကွင်းကနေ စစ်တိုင်းရုံး ရဟတ်ယာဉ်ကွင်းကို ပို့ထားတယ်။ စစ်ရဟတ်ယာဉ်တွေက၊ အဲဒီမှာ ပစ်ခတ်တယ်လို့ပဲ ကြားတယ်။ ဘယ်အတိုင်းအတာ ထိခိုက်မှုရှိလဲ ဆိုတာတော့ မကြားရသေးဘူး” ဟု လေယာဉ်ကွင်း ပုဂ္ဂလိက ဝန်ထမ်းတစ်ဦးကပြောသည်။

လားရှိုးမြို့နေ သျှမ်းအမျိုးသမီး နန်းဟိန်းမိုင်ကမူ လက်ရှိတွင် သျှမ်းလူမျိုးများ ကန်မိုင်းကျောင်းတိုက်၌ ရိုးရာရှင်ပြုပွဲ ပြုလုပ်နေကြောင်း၊ ယခုတလော သေနတ်သံကြားရသည်မှာ ရိုးနေပြီဖြစ်ကြောင်း၊ လွယ်စန့်ဘက် သေနတ်သံများ ညတိုင်းနီးပါး ကြားနေရသည်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့များ လာရောက်တိုက်ခိုက်မည်ကို ကာကွယ်သည့်အနေဖြင့် မြန်မာတပ်ကသာ ပစ်ခတ်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောသည်။

“ညနေ ၆ နာရီကနေ နံနက် ၅ ခွဲအထိ လေယာဉ်ကွင်းလမ်းတစ်လျှောက် ပေါက်စန့်လိတ်ကနေ ဘူတာကြီးရှေ့အထိ ဖြတ်သန်းသွားလာခြင်းမပြုဖို့ ရပ်ကွက်တိုင်း စာကပ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်။ လမ်းဘေးတွေမှာ ရေးပြီး ကပ်ထားတယ် မတ် ၁၃ ရက်ကတည်းက။ ကျနော့်ရပ်ကွက်မှာတော့ ဒီမနက်မှလာကပ်တာ” ဟု လားရှိုးမြို့နေ တော်လှန်ရေးသမားဟောင်း တစ်ဦးက ပြောပြသည်။

၎င်းကဆက်လက်၍ လက်ရှိအနေအထားရ အထူးစိုးရိမ်မိကြောင်း၊ မငြိမ်မသက်ဖြစ်စေရန် တတိယလက်သည်ဖြင့် လုပ်ကြံဖန်တီးမှုများဖြစ်နိုင်ကြောင်း၊ ထို့အတွက် တိုင်းသူပြည်သား ဒေသခံများ သတိကြီးကြီးဖြင့် သွားလာနေထိုင်တတ်ဖို့ လိုအပ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

Most read this week