ထိုက်တန်သည့် အခွင့်အရေး တောင်းဆိုဖို့ ပအိုဝ်း ညီလာခံတွင် ဆုံးဖြတ်

ထိုက်တန်သည့် အခွင့်အရေး တောင်းဆိုဖို့ ပအိုဝ်း ညီလာခံတွင် ဆုံးဖြတ်
by -
သျှမ်းသံတော်ဆင့်

ဆဌမ အကြိမ်မြောက် ပအိုဝ်း အမျိုးသား ညီလာခံကို တောင်ကြီးမြို့ ပအိုဝ်း တပေါင်းပွဲတော် ကျင်းပရာ ပအိုဝ်း အမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် မတ်လ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ  ကျင်းပရာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ခြင်းနှင့် ပအိုဝ်းလူမျိုးတို့အတွက် အခွင့်အရေးများ တောင်းဆိုရန်အတွက် အထူးဆွေးနွေးနိုင်ခဲ့သည်ဟု   သတင်းရရှိသည်။

ပအိုဝ်းအမျိုးသားတပ်မတော် PNA မှ ဗိုလ်မှူးခွန်လာက"ဒီညီလာခံရဲ့ ထူးခြားတဲ့ဆုံးဖြတ်ချက်ကတော့ ၂၀၁၅မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါမှာ ကျနော်တို့ ပအိုဝ်းလူမျိုး ဂုဏ်အင်္ဂါနဲ့ထိုက်တန်တဲ့ အခွင့်အရေးတွေပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ် " ဟု ၄င်းက ပြောသည်။

001- PNO

ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်နှင့် အမတ်လောင်းများအား မြို့နယ်အလုပ်အမှုဆောင်မှ မကြာမီရွေးချယ်ပြီး ဗဟိုမှအတည်ပြုသွား မည်ဖြစ်ကြောင်း ရှင်းပြသည်။

၃ရက်ကြာကျင်းပခဲ့သော ၎င်းညီလာခံတွင် (PNO) ၏ (၅)နှစ်တာကာလ အတွင်းလုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်း၊ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်များ ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းများ ပြုလုပ် ခဲ့သည်။

ယင်းညီလာခံသို့ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ကျောက်တလုံးကြီး၊ လွယ်လင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ မောက်မယ်၊ နမ့်စန်၊ လွိုင်ကော်၊ ဖယ်ခုံ၊ သထုံ၊ ဖားအံ၊ ထန်းတပင်၊ကော့ကရိတ်၊ ဘီးလင်း၊ မြိုင်ကလေး စသည့် မြို့နယ်မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဝင်များနှင့် ပအိုဝ်းအဖွဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လူအင်အား ရာကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

002-PNO

"PNO က ဦးဆောင်ပြီးလုပ်တဲ့ညီလာခံဆိုပေမယ့် ကျနော်တို့ ပအိုဝ်းတစ်မျိုးသားလုံးရဲ့ စည်းလုံးမှုကို အခြေခံပါတယ်၊ ကျနော်တို့ (PNLO) အနေနဲ့ ပါတီထောင်ဖို့လည်းမရှိဘူး၊ ရွေးကောက်ပွဲဝင်ဖို့လည်း မရှိပါဘူး လေ့လာသူအနေနဲ့ တက်ရောက် လာခြင်းဖြစ်တယ်" ဟု ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေးအဖွဲ့ (PNLO) မှ အတွင်းရေးမှူး ခွန်သောမတ်က ဆိုသည်။

PNO သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် (၁၀) နေရာအနိုင်ရရှိ ထားသော ပအိုဝ်းအမျိုးသား ပါတီတစ်ခုဖြစ်ပြီး ၄င်း၏လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် PNA လည်း ဌာနေပြည်သူ့စစ် အဖြစ် အသွင်ပြောင်းထားသည်။   

PNLOမှာမူ ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး ၂၀၁၃ မတ်လ (၂၃)ရက်နေ့က နေပြည်တော်အစိုး ရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Most read this week