သင်္ကြန် ရုံးပိတ်ရက်အတွင်း ခရီးသွားမည့် အဝေးပြေးကားလက်မှတ်များ ဝယ်ယူရခက်ခဲနေ

သင်္ကြန် ရုံးပိတ်ရက်အတွင်း ခရီးသွားမည့် အဝေးပြေးကားလက်မှတ်များ ဝယ်ယူရခက်ခဲနေ
by -
မဇ္ဈိမ

ပိုတောင်းသည်များ ရှိပါက တိုင်ကြားနိုင်ဟု မထသ ပြော

 သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ခရီးသွားမည့် အဝေးပြေး ကားလက်မှတ်များ ဝယ်ယူရခက်ခဲနေပြီး လက်မှတ်ခ စျေးနှုန်း ပိုတောင်းပါက တိုင်ကြားနိုင်သည်ဟု  မော်တော်ယာဉ်ပေါင်းစုံ လုပ်ငန်း ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)က နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

သင်္ကြန်ကာလနှင့် သင်္ကြန်ပြီးနောက်ပိုင်း အစိုးရရုံးပိတ်ရက်များအတွင်း ခရီးသွားသူ၊ နယ်ပြန်သူများ များပြား၍ ကားလက်မှတ်များ ဝယ်ယူရခက်ခဲသည်မှာ နှစ်စဉ် ကြံုတွေ့နေကျဖြစ်ပြီး ယခုနှစ်တွင်လည်း မတ်လကုန်ပိုင်းမှ စတင်၍ လက်မှတ်ဝယ်ယူရ ခက်ခဲနေသည်ဟု ကိုယ်တိုင် ကြံုတွေ့သူများက ပြောသည်။

ပြည်မြို့သို့ပြန်ရန်  အောင်မင်္ဂလာ အဝေးပြေးကွင်းတွင် ကိုယ်တိုင် လက်မှတ်သွားရောက်ဝယ်ယူသူ မဖြိုးက “ကားလက်မှတ်ကို ဖုန်းနဲ့လှမ်းဖြတ်တယ်။ လူကိုယ်တိုင် လာရမယ်လို့ပြောတယ်။ လူကိုယ်တိုင်သွားတော့ လည်း ဘိုကင်လုပ်ခ ၅ဝဝဝ တောင်းပြီး စာရွက်မှာ နာမည်တွေ ဘာတွေကို ဘောပင်နဲ့ ရေးပေးလိုက်တယ်။ အဲ့ဒီစာရွက်က တရားမဝင်ဘူးလို့ပြောလည်း ပိုက်ဆံဆုံးပြီပေါ့” ဟု ပြောသည်။

လက်ရှိတွင် ယင်းသို့သာ စာရွက်ပေါ်တွင် ရေးပေးလိုက်ခြင်းဖြစ်ပြီး သွားမည့်နေ့တွင် ကာလပေါက်စျေးအတိုင်း လက်မှတ်ခပေးရမည် ဖြစ်ကာ ပိုငွေပြန်အမ်းခြင်း၊ လိုငွေထပ်မံတောင်းခံခြင်းတို့ ပြုလုပ်မည်ဟု ပြောကြောင်း လည်း ၎င်းက ဆိုုသည်။

ယင်းသို့ လက်မှတ်များ ဝယ်ယူရခက်ခဲနေခြင်းနှင့် ပတ်သက်ပြီး အဝေးပြေးယာဉ်လိုင်းတစ်ခုဖြစ်သော JJ Express မှ ဂိတ်တာဝန်ခံ  ဦးကျော့က " ကားခတွေတော့ တိုးမတောင်းပါဘူး။ ရာသီချိန်ဆိုတော့ ခရီးသည်ကတော့ များတာပဲ၊ သီတင်းကျွတ်၊ သင်္ကြန်နဲ့ ကျောင်းပိတ်ရက်တွေဆို များပါတယ်"ဟု ပြောသည်။

ယာဉ်စီးခ စျေးနှုန်းများ ကြီးမြင့်ခြင်းကို ဖြေရှင်းပေးသောအားဖြင့် ဝယ်ယူခဲ့သည့် ကားလက်မှတ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားတို့နှင့်အတူ မထသ၊ အောင်မင်္ဂလာရုံးချုပ်နှင့် ဒဂုံဧရာရုံး(ခွဲ)သို့ သင်္ကြန်ကာလ ယာဉ်လိုင်းများ လက်မှတ်ရောင်းချမှု စိစစ်ကြီးကြပ်ရေးအဖွဲ့သို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြထားသည်။

ရန်ကုန်မှတောင်တွင်းကြီးမြို့သို့ပြန်ရန် လက်မှတ်ဝယ်ယူသူ တစ်ဦးကမူ “ကားလက်မှတ်ကို တစ်လ
ကြိုတင်မှာထားတယ်။ မရဘူးဆိုလို့ လူကိုယ်တိုင်သွားဖြတ်ရတယ်။ ရ,ဝဝဝ ထောင်တန်လက်မှတ်ကို ၁ဝ,ဝဝဝ ပေးခဲ့ရတယ်”ဟု ပြောသည်။

ကားလက်မှတ်များကို သတ်မှတ်တန်ဖိုးထက် ပိုမို ပေးခဲ့ရပါက ယင်းဖြစ်ရပ်ကို စစ်ဆေး၍ မှန်ကန်လျှင် ပိုမိုပေးခဲ့ရသည့် ငွေကြေးကို ပြန်လည်ထုတ်ပေးမည်ဖြစ်သည်ဟု  သင်္ကြန်ကာလယာဉ်လိုင်းများ လက်မှတ်ရောင်းချမှု စိစစ်ကြီးကြပ်ရေးအဖွဲ့က နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားသည်။

ကားလမ်းခရီးတွင် ခရီးသည်များ ပြည့်နေပြီး ဝယ်ယူရခက်ခဲနေသော်လည်း  ပြည်တွင်းလေကြောင်းလိုင်းများ မှာမှု ပုံမှန်ပင်ဖြစ်သည်ဟု Air KBZ ၏ စီးပွားရေး အရာရှိချုပ် ဦးမြတ်သူက မဇ္စျိမကို ပြောသည်။

ဦးမြတ်သူက “ခရီးသည်ပိုများလာပေမယ့် လေကြောင်းလိုင်းတိုးတာ၊ လေယာဉ်စီးခ ပိုမိုကောက်ခံတာ မျိုးတွေတော့ မရှိပါဘူး။ ပုံမှန်ပါပဲ။ သင်္ကြန်နီးတဲ့ရက်နဲ့ သင်္ကြန်ပြီးတဲ့ရက်ပိုင်းသာ ခရီးသည် ပိုများတာပါ” ဟု ပြောသည်။

သင်္ကြန်ကာလ ယာဉ်လိုင်းများ လက်မှတ်ရောင်းချမှု စိစစ်ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ယာဉ်စီးခထက် ပိုမိုရောင်းချသည့် ယာဉ်လိုင်းများကို သတ်မှတ်စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်သည်ဟုလည်း နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားသည်။

Most read this week