တောင်ကုတ်တွင် လူနှစ်ဦးပျောက်ဆုံး

တောင်ကုတ်တွင် လူနှစ်ဦးပျောက်ဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ရှစ်တန်းကျောင်းသား တစ်ဦးဖြစ်သူ မောင်ငြိမ်းမင်းသူ၏ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့မှာ နေအိမ်မှ ပျောက်ဆုံးနေကြောင်း သိရသည်။

မောင်ငြိမ်းမင်းသူ၏ ဖခင်ဖြစ်သူ ဦးမြင့်စိုး(ခ) ခလေးမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်၊ တာဝတိ ံသာလမ်း နေအိမ်မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃ရက်နေ့က ပျောက်ဆုံးသွားပြီး မိခင်ဖြစ်သူ ဒေါ်ခင်သန်းရီ (ခ) ဖြူတုတ်မှာ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပျောက်ဆုံး သွားကြောင်း မောင်ငြိမ်းမင်းသူ၏ ဆွေမျိုးများက နိရဥ္စရာသို့ ပြောကြားသည်။

locmap TAUNGUP

“ကျွန်မအစ်ကို ဦးမြင့်စိုး ဇာတိက သံတွဲမြို့နယ်၊ ရွှေလှေရွာကပါ။ အလုပ်ကတော့လက်သမားလုပ် တယ်။ တောင်ကုတ်မြို့ ကိုင်းရှည်မှာနေကြတယ်။ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၃ရက်နေ့ မနက် ၈နာရီမှာ လူတစ်ယောက် လာခေါ်သွားတယ်လို့ သိရပါတယ်။ သူနဲ့ အတူ Kenbo အမျိုးအစားအနီရောင် ဆိုင်ကယ်တစ်စီး ပါသွားပါတယ်။ ကျွန်မအစ်ကိုရဲ့ ဖုန်းနံပါတ်က ၀၉၄၂၁၇၃၉၂၅၄ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၄ရက်နေ့မှာ ဖုန်းဆက်တော့ လူတစ်ယောက်က ကိုင်ပြီး ကျွန်မအစ်ကိုကို ပြောမရလို့ သတ်ပြီး ပင်လယ်ထဲကို မျောလိုက်ပြီလို့ ပြောပါတယ်။ နောက်ဖုန်းဆက်တော့ မရတော့ပါဘူး။ အဲဒီကတည်းက ပျောက်သွားပါတယ်” ဟု ပျောက်ဆုံးနေသူ ဦးမြင့်စိုး၏  ညီမဖြစ်သူ မေရီနွယ်က ပြောသည်။

ဦးမြင့်စိုးပျောက်ဆုံး ပြီးနောက် ဇနီးဖြစ်သူ ဒေါ်ခင်သန်းရီ(ခ)ဖြူတုတ် (၄၆ နှစ်)နှင့် သားဖြစ်သူ မောင်ငြိမ်းမင်းသူတို့မှာ ကိုင်းရှည်၊ တာဝတိ ံသာလမ်းရှိ အိမ်ကို သိန်း ၂၀၀ဖြင့် ရောင်းချပြီး တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ တိုးပွားရေး လမ်းသို့ ပြောင်းရွှေ့ပြီး အိမ်ငှားနေထိုင်ခဲ့ကြသည်ဟု သိရသည်။

ဒေါ်ခင်သန်းရီ(ခ)ဖြူတုတ်မှာ သံတွဲမြို့နယ် ဘုရားမော်ရွာ ဇာတိဖြစ်ကြောင်း၊ ဦးမြင့်စိုး ပျောက်ဆုံးပြီးနောက် ဒေါ်ခင်သန်းရီမှာ သံတွဲနှင့် တောင်ကုတ်အကြားရှိ ကျေးရွာများတွင် အဝတ်အထည်ရောင်းချပြီး သားအမိနှစ်ဦး၏ စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြောင်း မောင်ငြိမ်းမင်းသူ က ပြောသည်။

“ကျွန်တော်အမေက ၂၀၁၅ ဇန်နဝါရီလ ၁ရက်နေ့ ညနေ ၄နာရီခန့်မှာ အကြွေးကောက်စရာ ရှိတယ်ဆိုပြီး ထွက်သွားတာ အခုအချိန်ထိ ပြန်မလာဘူး။ ကျွန်တော့်ကို ကျွန်တော့်အမေရဲ့ အစ်မသား အစ်ကိုဝမ်းကွဲ ကိုသန်းဝင်းနိုင် လာရောက် စောင့်ရှောက်ပေးတဲ့အတွက် ရှစ်တန်းစာမေးပွဲကို တောင်ကုတ်မှာ ဖြေခဲ့ပါတယ်။ အခုတော့ သံတွဲမြို့နယ် နန်းချောင်းက အဒေါ်ခေါ်ထားလို့ အခုနန်းချောင်းကို ရောက်နေပါတယ်” ဟု  မိဘနှစ်ဦးလုံး ပျောက်ဆုံးနေသော မောင်ငြိမ်းမင်းသူက ပြောသည်။

ယခုကဲ့သို့ မိဘနှစ်ပါး ပျောက်ဆုံးသွားသဖြင့် မောင်ငြိမ်းမင်းသူမှာ အထူး အားငယ်နေကြောင်း သိရသည်။

ယင်းလူပျောက်မှုမှာ ဟုတ်မှန်ကြောင်း၊  တောင်ကုတ်ရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း၊ အမှု အမှတ် ၅/၂၀၁၅ဖြင့် တောင်ကုတ် ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း တောင်ကုတ်ရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ် ရဲနိုင်ထွန်းမှနိရဥ္စရာကို အတည်ပြု ပြောကြားသည်။

Most read this week