ကရင်နီ စစ်ရှောင်စခန်း တစ်ခုတွင် ရိက္ခာပြတ်

ကရင်နီ စစ်ရှောင်စခန်း တစ်ခုတွင် ရိက္ခာပြတ်

ထိုင်း-မြန်မာနယ်စပ်က ဒေါနိုးကူး ကရင်နီ စစ်ဘေးရှောင်စခန်းတွင် ရိက္ခာ ပြတ်လပ်မှုများရှိနေသည်ဟု စစ်ဘေး ရှောင်များနှင့် စခန်းတာဝန်ရှိသူများက ပြောသည်။

စစ်ဘေးရှောင်ဦးရေ တိုးများလာခြင်း၊ အလှူရှင်တွေ နည်းပါးသွားခြင်းများအပါအဝင် ထိုင်းအစိုးရကလည်း ရိက္ခာသယ်ယူနေသည့် လမ်းကြောင်းကို ပိတ်ထားသည့်အတွက် ရိက္ခာ ပြတ်လပ်ခြင်း၊ ရိက္ခာ မလုံလောက်ခြင်း များနှင့်ကြုံ တွေ့ နေရခြင်း ဖြစ်သည်ဟု ဒေါနိုးကူးစစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ဂိုဒေါင်မှူး နော်မူ ဆီးက ပြောသည်။

၎င်းက “ဒီ ၂၀၂၃ ခုနှစ်မှာကျတော့ ကျမတို့ လူဦးရေက များလာတဲ့အတွက်ကြောင့်မို့ ကျမတို့က လတိုင်းလိုလို အရင် တစ်နှစ်ကလိုမျိုး ဆန်ထုတ်လို့ မရတော့ဘူးပေါ့နော။ လမ်းကလည်း ပိတ်ထားတော့ ရိက္ခာလာတာလည်း ခက်ခဲတာပေါ့နော။ ဒီရိက္ခာလာတာက ရိက္ခာက လူဦးရေ အပေါ် မကိုက်ညီတော့ဘူးပေါ့နော။ လူဦးရေက လည်း များတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲတွင် တိုက်ပွဲများ စတင်ဖြစ်ပွားချိန်က ဒေါနိုးကူး စစ်ရှောင်စခန်း ကို ထွက်ပြေးတိမ်းရှောင်လာသည့် လူဦးရေ နှစ်ထောင်ကျော်သာ ရှိနေရာကနေ ၂၀၂၃ ခုနှစ် အရောက်တွင်  စစ်ဘေးရှောင်ဦးရေ ၅၀၀၀ နီးပါး အထိ ရောက်ရှိလာသည်ဟု ဆိုသည်။

လူဦးရေများလာပြီး ရိက္ခာပြတ်လပ်မှုများ ရှိနေသည့်အတွက် ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများ ဖက် ကလည်း ယခုထက်ပို၍ ကူညီပေးရန် တောင်းဆိုသည့်အပြင် ထိုင်းဖက်ကလည်း ရိက္ခာသယ်ယူနိုင်ဖို့ လမ်းဖွင့် ပေးရန်လည်း တောင်းဆိုသည်ဟု ဒေါနိုးကူး စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေး ကော်မတီရုံး စီမံရေးမှူး ခွန်းရော ဘတ် က ပြောသည်။

ခွန်းရောဘတ်က “ကျနော်အနေနဲ့ခါကျတော့ ဒီထိုင်းအစိုးရတွေကို ကျနော်တို့ ဒီစစ်ရှောင်အတွက်ပေါ့နော်။ လမ်းတွေ ဖွင့်ပေးဖို့ ကျနော်တို့ကို ဘယ်အခြေအနေ ဘယ်အချိန်ခါမှာ မဆို ကျနော်တို့ကို ရိက္ခာတွေကို လွတ် လွတ်လပ်လပ် သယ်ခွင့်ပေါ့နော်။ ပြီးတော့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို လွတ်လွတ် လပ်လပ် ဝင်လာစေချင်တယ်။ အဲဒါလေးတော့ သူတို့ကို အကူအညီတောင်းချင်တာပေါ့” ဟု ပြောသည်။

ရိက္ခာအခက်အခဲ အပြင် မိုးကာ၊ အိမ်သာခွက်၊ ချက်ပြုပ်ဖို့အတွက် အိုး၊ ခွက်၊ ပုဂံ စတဲ့ အသုံးအဆောင်ပစ္စည်း များလည်း လိုအပ်နေသည်ဟု ဆိုသည်။

ရိက္ခာနဲ့ တခြား အသုံးအဆောင် ပစ္စည်းများကို အကူအညီပေးရန် တောင်းဆိုသလို လူထုတွေကို ဦးတည် တိုက် ခိုက်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဟန့်တားပေးရန်လည်း နိုင်ငံတကာကို တောင်းဆိုသည်ဟု ခွန်းရောဘတ် က ဆက်ပြောသည်။

“ကျနော်အနေနဲ့ ဒီစခန်း တစ်ခုလုံးသာမကပေါ့နော။ ကျနော်တို့ မြန်မာပြည်တစ်ပြည်လုံးမှာရှိတဲ့ လူတွေ စစ် ရှောင်နေရတဲ့ ပြည်သူတွေကို အကူအညီတောင်းစေချင်တယ်။ သူတို့ကို နေရာတိုင်းမှာ လိုအပ်တာပေါ့နော်။ စစ်ရှောင်တိုင်းမှာ ရွာတိုင်းမှာ အကူအညီလည်း လိုအပ်သလို ကျနော်တို့ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ သူတို့ကို အကူအညီ တောင်းချင်တာက ဒီ စစ်ကောင်စီကို ပိတ်ပင်ဖို့ပေါ့နော်။ သူတို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားပေးဖို့ နိုင်ငံတကာကို အကူအညီတောင်းချင်တယ်။ အခုလက်ရှိ အခုလိုမျိုး ဒုက္ခရောက်နေတဲ့စစ်ရှောင်တွေကို အကူ အညီတွေ လူသားချင်းစာနာထောက်ထားမှုတွေကို ဒီထက်ပိုပြီးပေးဖို့ ကျနော်တောင်းဆိုတယ်။”

ဒေါနိုးကူး စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ကရင်နီပြည်နယ်အတွင်းက ဒီးမော့ ဆို၊ လွိုင်ကော်၊ ရှားတောနှင့် ရှမ်းပြည်နယ်တောင်ပိုင်း က ဒေသခံများ ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျေးရွာများ ထဲတွင် နေလို့ မရတော့သည့်အတွက် နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်ဟု စစ်ဘေးရှောင် များက ပြောသည်။

ဒေါနိုးကူး စစ်ရှောင်းစခန်းကို ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၅၀၀၀ နီးပါးအတွက်သာမက ကရင်နီ ပြည်နယ်ထဲက စစ်ဘေးရှောင်များသည် ရိက္ခာမလုံလောက်ခြင်း၊ ရိက္ခာပြတ်လပ်ခြင်းများကို ကြုံတွေ့နေ ရသည့်အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ အနေနှင့် ယခုထက်ပိုပြီး ကူညီထောက်ပံ့ပေးရန်နှင့် ထိုင်းနိုင်ငံကလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့အဖွဲ့တွေကို နယ်စပ်ဖြတ်ကျော် ခွင့် ပေးရန် စစ်ဘေးရှောင်များနှင့်  အကူအညီပေးရေးအဖွဲ့များက တောင်းဆိုထားသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...