ရခိုင်မုန်တိုင်းသင့်ပြည်သူများ စစ်ကောင်စီထက် လူမှုအဖွဲ့အစည်းများ၏ အကူအညီကို ပိုအားကိုးနေရ

ရခိုင်မုန်တိုင်းသင့်ပြည်သူများ စစ်ကောင်စီထက် လူမှုအဖွဲ့အစည်းများ၏ အကူအညီကို ပိုအားကိုးနေရ

ရခိုင်က မိုခါမုန်တိုင်းသင့် ဒုက္ခသည်များအနေဖြင့် လက်ရှိအချိန်ထိ စစ်ကောင်စီ၏ ကူညီထောက်ပံ့မှုထက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အကူအညီများကိုသာ အဓိက အားကိုးနေရသည်ဟု  မုန်တိုင်းသင့် ပြည် သူများက ပြောသည်။

ရခိုင်တွင် မုန်တိုင်းသင့်ပြည်သူ တစ်သန်းကျော်ရှိနေပြီး ယခုအချိန်ထိ စစ်ကောင်စီ၏ ထောက်ပံ့မှုမှာ လွန်စွာ အားနည်းနေသေးပြီး မဖြစ်စလောက် ကူညီမှုမျိုးသာ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ပုဏ္ဏားကျွန်းမှ ဒေသခံတစ်ဦးက “စစ်အစိုးရဆီက တအိမ်ထောင်ကို ဆန်နို့ဆီဗူး (၁၈)ဗူး၊ ဆီအစိတ်သား၊ ကြက် သွန်နီ ပိဿာခွဲ၊ တာပေါ်လင်စတွေတော့ ရပါတယ်။ ဒါပေမယ့် ဖူဖူလုံလုံတော့ မရှိပါဘူး။ အထောက်အပံ့ ရတာ ကလည်း အမှန်တကယ် ဆင်းရဲချို့တဲ့ပြီး လိုအပ်နေတဲ့သူတွေ မရတာများပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရ မယ်ဆိုရင် နီးစပ်တဲ့သူတွေကို လက်တို့ စနစ်နဲ့ပေးတဲ့ သဘောပေါ့” ဟု ပြောသည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့နယ်က ကျေးရွာအချို့ကို  စစ်ကောင်စီက အိမ်ဆောက်ပစ္စည်း အချို့နှင့် စားနပ်ရိက္ခာအချို့ ကူညီ ထောက်ပံ့မှုရှိသော်လည်း ၎င်းတို့ထောက်ပံ့သည့် စားနပ်ရိက္ခာများမှာ ဆင်ပါးစပ်ကို နှမ်းနှင့် ပက်သလိုမျိုးဖြစ်နေသည်ဟု  ၎င်းက ပြောသည်။

ထို့အပြင် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရသည့် ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် မြို့နယ်များက မုန်တိုင်းသင့် ကျေးရွာ အများအပြားမှာလည်း လက်ရှိအချိန်ထိ  စစ်ကောင်စီ၏ ကူညီ ထောက်ပံ့မှုကို တစ်စုံတစ်ရာမရရှိသေးဘဲ အရပ်ဖက် လူမှုအဖွဲ့အစည်းများထံမှ လှူဒါန်းသည့် ရိက္ခာများ ဖြင့်သာ စားသောက်နေထိုင်နေရသည်ဟု မုန်တိုင်းသင့် ပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

တိန်ညိုစစ်ဘေးရှောင် စခန်းတာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဆီက ဘာတစ်တခုမှ မရသေးပါဘူး။ အကုန်လုံး ပြင်ပအလှူရှင်တွေဆီက ငွေနဲ့ အဆောင်တွေပြန်ပြင်နေရတာပါ။ငွေကလည်း မလောက်တော့ အိမ်ထောင်စု တစ် စုကို အုန်း ၅၀၊ ဝါး ၂၀၊သစ် ၂လုံးကျနှုန်းပဲ ပေးနိုင်ပါတယ်။ အပျက်အစီး စာရင်းတွေကို နာမည်နဲ့တကွ မြို့နယ် ကို တင်ပြထားပေမယ့် အခုချိန်ထိ ဘာမှအကြောင်းပြန်တာမျိုးမရှိသေးပါဘူး” ဟု ပြောသည်။

ရခိုင်က မုန်တိုင်းသင့် ဒုက္ခသည်များအတွက် ပြည်ပနိုင်ငံကြီးများက ရွက်ဖျင်တဲများ၊ တာပေါ်လင်စများ၊  အိမ် ဆောက်ပစ္စည်းများ၊ စားနပ် ရိက္ခာများနှင့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီထံမှ တစ်ဆင့်လှူဒါန်းထားပြီး အဆို ပါ လှူဒါန်းပစ္စည်းများမှာလည်း မုန်တိုင်းတိုက်ပြီး ရက်ပေါင်း ၂၀ ကျော် ကြာလာသည့်တိုင် မုန်တိုင်းသင့် ရခိုင် ပြည်သူများ လက်ထဲသို့ မရောက်ရှိသေးဟု ဆိုကြသည်။

ကျောက်တော်မြို့နယ်မှ မုန်တိုင်းသင့်ဒုက္ခသည်တစ်ဦးက “ထမင်းတောင် ဝဝလင်လင် တစ်နပ်မစားရသေးဘူး။ အိမ်တွေကိုပြန်ပြင်ဖို့အရေး ကြည့်ပြီး ရင်လေးတယ်။ မိုးရာသီတမိုးကို ဘယ်လိုဖြတ်သန်းရမလဲတောင် မသိ တော့ဘူး။ အလှူရှင်တွေကလည်း စားဖို့သောက်ဖို့လောက်ပဲ ကူညီပေးနေတာပါ။အိမ်ဆောက်ပစ္စည်းတွေ လာလှူ ပေးတဲ့ သူတွေရှိရင် သိပ်ကောင်းမှာပဲ” ဟု ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ကြောင့် ရခိုင်တွင် နေအိမ် (၂၁၆၆၈၁)ဆောင် ပျက်စီးဆုံးရှုံးပြီး  ရခိုင်ပြည်သူ တစ်သန်းကျော် ထိခိုက်နစ်နာမှုရှိခဲ့သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် (ULA/AA) က ထုတ်ဖော်ပြောဆိုထားသည်။

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...