စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်း တပ်နှင့် ဖောင်းပြင်–ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ရာမှ ဒေသခံ ၄ ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။
စစ်ကောင်စီတပ် ခလရ ၂၇၂ နှင့် SNA ပူးပေါင်းတပ် အင်အား ၁၂၀ ကျော်ဖြင့် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ စက် တောကျေးရွာကို စစ်ကြောင်းထိုးလာရာမှ ဇွန်လ ၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု ဖောင်းပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
“ကျနော်တို့ဘက်ကတော့ ကျဆုံးမူမရှိပါဘူး။ ရွှေတူးနေတဲ့သူတွေနဲ့ ဒေသခံတွေပြေးကြရင်း ကျည်ထိမှန်လို့ ၄ယောက်တော့ ကျသွားတယ်။ သူတို့ဘက်ကတော့ အတည်ပြုနိုင်တာက ၁၅ ယောက်ကျဆုံးခဲ့ပါတယ် ကျဆုံး တာတွေကိုမြင်နေရပေမဲ့ တက်သွားလို့မရတဲ့ အနေအထားဖြစ်ခဲ့တာ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ခလရ ၂၇၂ ၊ ခလရ ၂၂၂ ၊ ခမရ ၃၇၀ နှင့်အတူ SNA တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃ တို့ ပူးပေါင်းကာ ဖောင်းပြင်မြို့နယ်ကို စစ်ကြောင်းထိုးလာရာမှ ကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သောကြောင့် ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် Mi 35 ရဟတ်ယာဉ်ဖြင့် မိနစ်၂၀ ခန့်အကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သူတို့ဝေဟင်ကနေလာပစ်သွားတယ် ရွာထဲကိုမပစ်ဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတဲ့ တောထဲကိုပဲ ပစ်သွား လို့ တော်ပါသေးတယ်။ လာပစ်တဲ့အချိန် အကုန်ဖြန့်ပြီးနေရာယူထားလို့ အကုန်လွတ်ပါတယ်” ဟု ပြောသည်။
တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဟုမ္မလင်းမြို့နယ် ပျူစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချထားသည့် ကျွန်းကုန်း ကျေးရွာသို့ ဇွန်လ ၅ ရက်နေ့ညနေပိုင်းတွင် စစ်ကြောင်းပြန်ဆုတ်သွားခဲ့သည်ဟု သိရသည်။
လက်ရှိ ဖောင်းပြင်မြို့နယ်ရှိ နက်စက်၊ စက်တော၊ ကရွက်တာ၊ သဖန်းဆိပ် စသည့်ကျေးရွာများမှ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ ၁.၈ သန်းကျော် ဘေး လွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှုင်းရေးမှူးရုံး UNOCHA က ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။