ကရင်ပြည်နယ်တွင် မိမိကိုယ်ကို အဆုံးစီရင်မှု အဖြစ်များလာနေ

ကရင်ပြည်နယ်တွင် မိမိကိုယ်ကို အဆုံးစီရင်မှု အဖြစ်များလာနေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်တွင် အခြေအနေအမျိုးမျိုးကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှု ပိုမိုအဖြစ်များလာသည်ဟု ကျန်းမာရေးဆရာဝန်များက ပြောသည်။

ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းများနှင့် အိုးအိမ်များ ထိခိုက် ပျက်စီး ဆုံးရှုံးကြရသည့်အတွက် စိတ်ပိုင်းဆိုင်ရာများ ကျဆင်း၍ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှု များလာခြင်းတို့ ကြောင့် မိမိကိုယ်ကို သေကြောင်းကြံမှု များလာခြင်းဖြစ်သည်ဟု အဆုံးစီရင်ခဲ့သူများ၏ မိသားစုဝင်များက ပြောသည်။

ကရင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ကော့ကရိတ်၊ ဖားအံ၊ ကြာအင်းဆိပ်ကြီးမြို့နယ်သည် အခြားမြို့နယ်များ ထက် သေကြောင်းကြံမှု အများဆုံးဖြစ်ပွားလျက်ရှိပြီး မြို့နယ်အသီးသီးရှိ ဆေးရုံ၊ ဆေးခန်းများတွင်လည်း စိတ် ကျရောဂါကြောင့် နေ့စဉ် လာရောက် ပြသသူများလာသည်ဟုလည်း အမည်မဖော်လိုသူ ဖားအံမြို့နယ် ကျန်းမာ ရေး ဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“စိတ်ကျရောဂါကြောင့် ဆေးခန်းတွေမှာ အတော်လာကြတယ်။ အရက်၊ ဆေး၊ အခြားအခြေအနေတွေလည်း ပါတယ်ပေါ့နော်။ တစ်ယောက်ထဲနေထိုင်သူတွေမှာ အဆုံးစီရင်မှု ပိုဖြစ်ကြတယ်။ နေရာတိုင်း လိုလိုမှာ အဆုံး စီရင်မှု ဖြစ်လာကြတာပါ။ ဒီလိုစိတ်ကျဆင်းမှုဖြစ်လာရင် ဆက်သွယ်နှစ်သိမ့်ပေးနိုင်ဖို့ အွန်လိုင်းစနစ်နဲ့ ဝန် ဆောင်မှု လုပ်ပေးထားတာရှိတယ်။ စိတ်ကျန်းမာရေး ပညာပေးမှု အဖွဲ့တွေလည်း လုပ်လာကြတယ်။ ကျယ် ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ လိုအပ်သေးတယ်ပေါ့နော်” ဟု ဖားအံမြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြော သည်။

ကရင်ပြည်နယ်တွင် အရက်၊ မူးယစ်ဆေးသုံးစွဲခြင်း၊ နိုင်ငံရေးအခြေအနေနှင့် စစ်ရေးပဋိပက္ခ အခြေအနေများ ကြား ရှင်သန်နေကြရသူများတွင် မိမိကိုယ်ကိုအဆုံးစီရင်မှု ပိုမိုဖြစ်ပွားလျက်ရှိပြီး မိမိပတ်ဝန်းကျင်တွင် စိတ်ကျ ရောဂါဖြစ်ပွားမှု လက္ခဏာမြင်တွေ့ပါကလည်း သက်ဆိုင်ရာ စိတ်ကျန်း မာရေးဝန်ဆောင်မှုပေးသည့် ဌာနများသို့ အမြန်ဆုံး ဆက်သွယ်ရန်နှင့် ၎င်းတို့ကို လစ်လျူရှုမထားခဲ့ကြရန် ကျန်းမာရေးဆရာဝန်များက တိုက်တွန်း ပြော ဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ရွာမှာ ဒီတစ်နှစ်ထဲကို ကြိုးဆွဲချ သေတာ ၃ ဦးရှိသွားပြီး။ နယ်မြေမတည်ငြိမ် တိုက်ပွဲတွေခဏခဏဖြစ်တော့ အလုပ် အကိုင်လည်း မရှိတော့ဘူး လေ။ အချို့ဆို အိုးအိမ်စည်းစိမ်တွေ မိသားစုတွေ ဆုံးရှုံး လိုက်ရတာလည်း ရှိတယ်။ နောက်တော့ မူးယစ်ဆေး ဘက် ရောက်သွားကြတာလည်းရှိတယ်။ လူမှုဘဝတွေ ချက်ချင်းပြောင်းသွားတော့ မခံနိုင်ကြဘူးလေ။ စိတ် ထင်ရာနဲ့ အဆုံးစီရင်ကြတာများတယ်” ဟု ကေအိုင်စီသို့ပြောသည်။

အဆုံးစီရင်သူအများစုမှာ မြက်သတ်ဆေး၊ အဆိပ်ဆေးရည်သောက်ခြင်း၊ ကြိုးဆွဲချခြင်း၊ သေနတ်ဖြင့် ပစ်ခတ်၍ မိမိကိုယ်ကိုအဆုံးစီရင်လေ့ရှိပြီး အမျိုးသား လူငယ်လူလတ်ပိုင်းအရွယ်များတွင် အဖြစ်များသည်ဟု နီးစပ်သူများ က ပြောသည်။

ထို့အပြင် နိုင်ငံရေးအခြေအနေကြောင့် လူငယ်များတွင် ၎င်းတို့၏ လူမှုဘဝပြောင်းလဲမှု အခြေအနေများ အပေါ် တွင် ၎င်းတို့တစ်ဦးတည်း အထီးကျန်နေသည်ဟု ထင်မြင်ယူဆချက်များဖြင့် အဆုံးစီရင်မှုများသည်ဟု သေဆုံးသွားသူများ၏ မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကရင်ပြည်နယ်၊ မြို့နယ် ၇ မြို့နယ်တွင် မိမိကိုယ်ကိုအဆုံးစီရင်သူ ဦးရေ ၂၀ ကျော်ရှိမည်ဟု ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ခန့်မှန်းပြော ဆိုကြသည်။

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...