ရခိုင်မှ တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားတချို့ကို အခမဲ့ ပညာသင်ကြားပေးနေသည့် အာရက္ခ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ပညာသင်ကျောင်းဖွင့်လှစ်ထားရာ စစ်တွေမြို့မှ သစ္စာရောင်နီ ကျောင်းတိုက်တွင် မိုခါမုန်တိုင်းကြောင့် အဆောင်များအားလုံး ပျက်စီးသွားသည်။
စစ်တွေမြို့၊ မင်းဂံအကွက်(၁၁)မှ အဆိုပါသစ္စာရောင်နီကျောင်းတိုက်တွင် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပင်မကျောင်းဆောင်ကြီး အပါအဝင် ဆွမ်းစားဆောင်နှင့် စာသင်ဆောင်တို့လည်း အကြီးကျယ်ပျက်စီးခဲ့ကြောင်း သစ္စာရောင်နီကျောင်းတိုက်မှ ဆရာတော်ဒေါက်တာဦးသီဟက နိရဉ္စရာ သို့ မိန့်ကြားသည်။
အလျားပေ ၉၀ အနံပေ ၃၀ ခန့်ရှိသည့် အုတ်စီနှစ်ထပ်ကျောင်းဆောင် အပါအဝင် အလျား ၅၈ ပေ၊ အနံပေ ၂၀ ရှိသည့် ဓမ္မာရုံတစ်ဆောင်၊ အလျား ပေ ၇၄ ပေ၊ ၁၈ ပေ ဆွမ်းစားဆောင် တစ်ဆောင်တို့ ပျက်စီးသွားကြောင်း သူက မိန့်သည်။
“ကျောင်းမှာတော့ ဆွမ်းချက်ဆောင်၊ ဆွမ်းစားဆောင်တစ်ဆောင်၊ ဓမ္မာရုံ တစ်ဆောင်၊ အလျားပေ ၉၀ ၊အနံပေ ၃၀ နှစ်ထပ်ဆောင်တစ်ဆောင်။ နှစ်ထပ်ဆောင်မှာတော့ အထက်က အမိုးတွေပါ၊ သံဖြူတန်းတွေပါ။ ပြတင်း ပေါက်တွေ တပ်ထားတာတွေ အကုန်ပျက်စီးသွားတယ်။ ပြတင်းပေါက် နှစ်ဆယ်ကျော်ရှိတာမှာ နှစ်ပေါက် လောက်ပဲ ကျန်ခဲ့တယ်။ အကုန် ပျက်စီးသွားတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ပင်မနှစ်ထပ် ကျောင်းဆောင်ကြီးတွင် အမိုးတန်းများပါ လွင့်ပါပျက်စီးသွားသလို အောက်ထပ်ရှိ အလူမီနီယမ် ဘောင်တပ် မှန်ပြူတင်းများ၊ ကျီးဘောင်များ အားလုံးလည်း ပျက်စီးသွားတယ်လို့ ဆရာတော်က မိန့်ကြားသည်။
ကျောင်းသားများအား ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စကားပြော သင်တန်းများသင်ကြားရာ ဓမ္မာရုံတွင်လည်း အမိုးအကာများ အားလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားကြောင်း ဆွမ်းစားဆောင်တွင်လည်း သွပ်မိုးတန်းများပါ မကျန် ပျက်စီးသွားသည်ဟု ဆရာတော်က ဆက်မိန့်ကြားသည်။
ထိုကျောင်းသည် တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ် တက် ရောက်မည့် ဆင်းရဲနွမ်းပါးသည့် ကျောင်း သူကျောင်းသား အချို့ကို အခြားသော ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းဖွင့်လှစ်ပြီး ၂၀၂၁ ခုနှစ်တွင်၊ ကျောင်းသား ၆ ဦး၊ ၂၀၂၂ ခုနှစ်တွင် ကျောင်းသား ၁၆ ဦးကို လက်ခံ သင်ကြားပေးခဲ့ကြသည်။
ယခုနှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်သည်နှင့် ကျောင်းသားများ လက်ခံသင်ကြားမည် ဖြစ် ရာ ပျက်စီးနေသည့် ကျောင်းဆောင်များအား အမြန်ဆုံး ပြုပြင်ရန် လိုအပ်နေကြောင်း ဆရာတော်က မိန့်ကြား သည်။
“ဦးဇင်းတို့က တက္ကသိုလ်တက်ရောက်သင်ကြားမယ့် ကျောင်းသူကျောင်းသား တွေကို အဓိက လက်ခံပြီးတော့ ကွန်ပျူတာအခြေခံနဲ့ အင်္ဂလိပ်စကား ပြောတွေသင်ပေးတယ်။ ပြီးတော့သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင် ရာ ပြည့်စုံဖို့အတွက်ပါ ဒီကနေ သင်ကြားပေးပြီးတော့ ပြုစုပျိုးထောင်ပေးပါတယ်” ဟု ဆရာတော်က မိန့်ကြား သည်။
သာသနာရေးဝန်ကြီးဌာန၏ တွက်ချက်မှုစာရင်းအရ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၁၀၀၀ အထက်တွင် ရှိနေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အဆိုပါသစ္စာရောင်နီ ကျောင်းတိုက်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကပင် အာရက္ခလူမှု ဘဝဖွံ့ဖြိုး တိုးတက်ရေး ပညာသင်ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ရခိုင်မြို့နယ်များမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ် တက် ရောက်မည့် ဆင်းရဲနွမ်းပါးသည့် ကျောင်းသူကျောင်းသား အချို့ကို ကွန်ပျူတာ အခြေခံသင်တန်းများ၊ အင်္ဂလိပ် စကားပြော သင်တန်းများကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။