ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တွေမှာခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် နဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ရှောင်တွေဆီကို အလှူရှင်ရောက်ရှိမှု နည်းလာတဲ့ အတွက် ရိက္ခာတွေကို မပေးဝေနိုင် တော့တာတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ပင်လောင်းစစ်ရှောင်အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက “လောလောဆယ် ဒီဖက်မှာ ရှောင်လာတဲ့ စစ်ရှောင်ခပ်များများတော့ ဒီပတ်ဝန်းကျင်မှာ ရှိ တဲ့ ပုဂ္ဂိုလ်တွေ၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ အလှူရှင်တွေ၊ မိသားစုအလိုက်လာတာတွေ၊ ပြီးတော့ ကျေး ရွာ အလိုက်လာတာတွေ၊ ဒေသအုပ်စုအလိုက် လာလှူတယ်။ အဲ့လို အလှူရှင်တွေနဲ့ ကျနော်တို့ run နေတာပေါ့ နော်။ တကယ့် အလှူရှင် ကြီးကြီးမားမားလာလှူတာ တစ်ခါလောက်ပဲကြားဖူးတယ်။ ကျန်တဲ့ဟာတွေတော့ လာ လှူတာ မရှိဘူး။ အထူးသဖြင့် နောက်ပိုင်းမှာ အလှူရှင်တွေတောင်မရှိတော့ဘူး။ ရပ်နီးရပ်ဝေးကစ အလှူရှင် မရှိ တော့ဘူး။ သူတို့ လှူထားတဲ့ ဆန်တွေလည်း လောလောဆယ် controlလုပ်ထား ထိန်းထားပေးတယ်“ လို့ ပြောပါ တယ်။

ပင်လောင်းမြို့နယ်မှာတော့ စစ်ရှောင် ငါးထောင်ကျော်ရှိနေတာဖြစ်ပါတယ်။ ပင်လောင်းမြို့နယ်ထဲ တောင်မဲသင်း၊ လုံးပျဉ်၊ ပင်ပုံ၊ နန်းနိမ် စတဲ့ကျေးရွာတွေ စစ်ရှောင်နေကြရတာဖြစ်ပြီး ၃လကြာရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်ထဲကနေ လာရောက် စစ်ရှောင်နေသူတချို့လည်း ရှိပါတယ်။

ဆီဆိုင်မြို့ထဲမှာတော့ ကရင်နီပြည်ထဲက ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ စတဲ့ နေရာတွေက စစ်ရှောင် တွေ ခိုလှုံနေကြပါတယ်။

တချို့ စစ်ရှောင်တွေကတော့ စားဝတ်နေရေးအတွက် နေ့စား အလုပ် လုပ်ကိုင်နေကြပေမယ့်လည်း တချို့က တော့ အလှူရှင်ကို မှီခိုနေကြရဆဲ ဖြစ်ပါတယ်။

ဆီဆိုင်မြို့နယ်ထဲက ကရင်နီစစ်ရှောင်တစ်ဦးက “ဆီဆိုင်မှာ အရင်တုန်းက နှစ်လတစ်ခါ၊ သုံးလတစ်ခါ ဆန်တွေ၊ ဘာတွေ ဝေတာရှိတယ်။ ဒါပေမယ့် အခုတော့ ဆန်ဝေတာတော့ မရှိတော့ဘူး။ တစ်လ၊ နှစ်လရှိပြီ။ သုံးလထဲ ဝင် ပြီပေါ့။ ဆန်မဝေတော့တာလေ” ဆိုပါတယ်။

ဆန်တစ်အိတ်ရဲ့ အခြေခံစျေးနှုန်းဟာ ၇ သောင်း၊ ၈ သောင်း ကျပ် အထိရှိနေတဲ့အတွက် စစ်ရှောင်တွေကတော့ ဆန်ကို မဝယ်ယူနိုင်ကြဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ စားသောက်ကုန် တွေနဲ့ ပတ်သက်ပြီးတော့ ဆန်၊ ဆီတွေလည်း နောက်ထပ် တစ်လ၊ နှစ်လ ဆိုရင် မလွယ်တော့ဘူး။ နောက် ၇ လပိုင်းဆိုရင် မရှိတော့ဘူးထင်တယ် အကုန်လုံး“ လို့ ဆက်ပြောပါတယ်။

ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်တွေဆီမှာလည်း စားနပ်ရိက္ခာ ထောက်ပံ့မှု မရှိတော့တာ တစ်လ ရှိနေ ပြီဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူ အမျိုးသားတစ်ဦးက “ကျနော်တို့ဖက်မှာဆိုရင်တော့ စားနပ်ရိက္ခာကတော့ မလာတာကတော့ သုံးပတ်၊ တစ်လရှိတော့မယ်။ ပို့ဆောင်ရေးမှာ အခက်အခဲဖြစ်နေတယ်တဲ့” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တွေမှာ ကရင်နီနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက ဒေသခံစစ်ရှောင် ၂သောင်းဝန်းကျင် ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...