ရခိုင်လေဘေးကယ်ဆယ်ရေး လုပ်ကိုင်သူကို စစ်တပ်က ဖမ်းဆီးပြပြီးနောက် သတိဖြင့် လုပ်ကိုင်နေကြရ

ရခိုင်လေဘေးကယ်ဆယ်ရေး လုပ်ကိုင်သူကို စစ်တပ်က ဖမ်းဆီးပြပြီးနောက် သတိဖြင့် လုပ်ကိုင်နေကြရ

မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်သူများအား တတ်နိုင်သည့်ဘက်က ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေ သည့် ပရဟိတသမား စာရေးဆရာဝေဟင်အောင်အား စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးပြီးနောက်ပိုင်း အခြား ပရဟိတသမားများ သတိထားလုပ်ဆောင်နေရသည်ဟု ကာယကံရှင်များက ပြောသည်။

လက်ရှိတွင် လူမှုကယ်ဆယ်ရေး လုပ်နေသူများအနေဖြင့် စိုးရိမ်မှုနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းကို သတိထား လုပ်ဆောင်နေကြရသည်ဟု ပြောသည်။

မြောက်ဦးမြို့မှ ကူမှုကူညီရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက “ကျနော်တို့အဖွဲ့မှ မဟုတ်ဘူး။ ရခိုင်မှာ အခု လတ်တ လောဖြစ်နေတဲ့ ကိစ္စရပ်တွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ စိတ်ထဲမှာ စိုး ရိမ်စိတ်တွေ ရှိကြမယ်လို့ ထင်တယ်။ လုပ်တာတော့ လုပ်နေကြတယ်ပေါ့။ စကစ တပ်တွေမှာ အစစ်အဆေး ခံ ရမလား။ အမေးအမြန်း ခံရမလား။ သို့မဟုတ် သံသယနဲ့ဖမ်းမလား။ အဲ့လိုပုံစံ စိုးရိမ်မှုတွေ အများကြီးရှိနေ ကြပါတယ်။ ရင်တထိတ်ထိတ်နဲ့ ကူညီကယ်ဆယ်ရေး လုပ်နေရတဲ့ အနေအထားပါ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ  မိုခါမုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများအတွက် ကယ်ဆယ်ရေး ပေးရန်သွား သည့် စာရေးဆရာဝေဟင်အောင် အပါအဝင် ဗိုလ်စိန် ပရဟိတအသင်းမှ အသင်းဝင်များ စုစုပေါင်း (၅) ဦး တို့ကို မေလ ၂၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်ကာ  နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့ သည်။

ထိုသို့ ဖမ်းဆီးမှုနောက်ပိုင်း ပရဟိတ လူမှုရေး အကျိုးပြု လုပ်ဆောင်နေကြသူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်တစ်ဦးက “စိုးရိမ်မှုကတော့ ကျွန်တော်တို့အနေနဲ့ ရှိပါတယ်။ ဆရာ ဝေဟင်အောင်ကို ဖမ်းခြင်းအားဖြင့် ရခိုင်ပြည်မှာ လက်ရှိလုပ်နေကြတဲ့ ပရဟိတ သမားတွေကို တစ်ဘက် နည်းနဲ့ ခြိမ်းခြောက်လိုက်တာလည်းဖြစ်သလို ကျွန်တော်တို့ လက်ရှိ ဒုက္ခရောက်နေကြတဲ့သူတွေအတွက် ကူညီ မှုတွေကို နှောင့်နှေးအောင် ပြုလုပ်လိုက်တယ်လို့လည်း ယူဆလို့ရပါတယ်” ဟု ပြောသည်။

စာရေးဆရာဝေဟင်အောင်နှင့် အဖွဲ့အား ဖမ်းဆီးပြီးနောက် နောက်ထပ် လေဘေးကူညီရေး လုပ်ဆောင်နေသူ များအား ဖမ်းဆီးခြင်းများ ထပ်မရှိသော်လည်း စစ်ကောင်စီက က မကျေနပ်ပါက အချိန်မရွေး ဖမ်းဆီးနိုင်သဖြင့် လူတိုင်း စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများဖြစ်ပေါ်နေရသည်ဟု ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင် ဆက် ပြောသည်။

“ဆရာဝေဟင်အောင်တို့လို ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတို့လို လူတွေကို သူတို့ အနှောင့်အယှက်တွေ ပေး တယ်ဆိုရင် တစ်ဘက်တစ်လမ်းက လေဘေးဒုက္ခသည်တွေကို ပိုပြီး အခက်အခဲအကျပ်တည်းဖြစ်အောင် လုပ် လိုက်တာနဲ့တူပါတယ်။ ဒါကြောင့် မှန်မှန်ကန်ကန် လူမှုရေး အကျိုးပြု ဆောင်ရွက်နေသူတွေကို အားမပေးချင် တောင်မှ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးသင့်ပါတယ်“ ဟု ၎င်းက ဆက်ပြောသည်။

နောက်ထပ် စစ်တွေ အခြေပြုပြီး လူမှုရေး ဆောင်ရွက်နေသူတစ်ဦးက “ဆရာဝေဟင်အောင် ဖမ်းဆီးပြီး ပြန်  လွတ်လာပေမယ့် ပရဟိတ သမားတွေအကြား အနည်းအများတော့ ထိခိုက်မှု ရှိနိုင်တယ်။ ဒါပေမယ့် ပြည်သူ တွေက အရမ်း ဒုက္ခရောက်နေကြတော့ အရင်ထက်တော့ ကူညီပေးတာကတော့ နည်းသွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် လမ်းကြောင်းတွေ ရှောင်သွားတဲ့ပုံစံတွေ၊ ခရီးတွေဟာ တစ်နာရီရောက်မယ့် ခရီးကို ၃ နာရီသွားရတဲ့ ပုံစံတွေ၊ ရှောင်သွားရတော့ ပြောရရင် ခရီးနှောင့်နှေးသွားတယ်” ဟု ပြောသည်။

ရခိုင်တွင် မုန်တိုင်းကြောင့် ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များအားလုံး ၉၀ နှင့် ၉၅ ရာခိုင်နှုန်းအထိ နေအိမ် အဆောက်အအုံ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးခဲ့ရပြီး လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ရသည်။

သို့သော် လက်ရှိအချိန်အထိ မုန်တိုင်းသင့်ပြည်သူ အများစုထံကို  နိုင်ငံတကာမှအကူအညီများ အပါအဝင် စစ် အစိုးရ၏ လေဘေးကယ်ဆယ်ရေး အကူအညီများ မရရှိသေးသလို ကျေးရွာ အများအပြားတွင် ရိက္ခာ ပြတ် လပ်မှု၊ သောက်သုံးရေရှားပါးမူတို့နှင့် ကြုံတွေ့ရင်ဆိုင်နေရသည်ဟု လေဘေးသင့်ပြည်သူများ က ပြောဆိုသည်။

လေဘေးကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများအား  တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ရေး ဆောင်ရွက်နေ သည့် ပရဟိတသမားများကို ဖမ်းဆီး စစ်ဆေးမေးမြန်းမှုများမှာ လေဘေးသင့် ပြည်သူများ ပိုဒုက္ခရောက်အောင် ရည်ရွယ်လုပ်ဆောင်သည်နှင့် တူနေပြီး ပြည်သူများကို ပို၍ အငတ်ဘေးနှင့်ကြုံတွေ့ရအောင် ဆောင်ရွက်သည်နှင့် လည်း တူနေကြောင်း ကျောက်တော်မြို့နယ်မှ လေဘေးသင့်ပြည်သူတစ်ဦးက ပြောသည်။

“အားလုံး တစ်ဖက်တစ်လမ်း ကူပေးနေကြတာ။ ကူညီပေးနေသူတွေကို မကြိုဆိုရင်တောင် အနှောင့်အယှက် တော့ မပေးသင့်ပါဘူး။ ဒီလူတွေပို ဒုက္ခရောက်နိုင်တာပေါ့။ ဒီမှာတော့ စစ်ကောင်စီက ဘာအကူအညီမှ မရောက် သေးဘူး” ဟု ပြောသည်။

လက်ရှိမှာလည်း ရခိုင်တွင် မိုးရွာသွန်းမှု မကြာခဏရှိနေပြီး မကြာမီ မိုးရာသီကို ရောက်ရှိလာတော့မည်ဖြစ်၍ ပြိုပျက်သွားသည့် နေအိမ်များကို အမြန်ဆုံး ပြုပြင်နိုင်ရန် လိုအပ်နေပြီး စားဝတ်နေရေးနှင့် ကျန်းမာရေး အခက် အခဲများကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်ဖြစ်သည့်အတွက် စစ်ကောင်စီအနေဖြင့်  ပြည်သူ့အရေးကို ရှေ့ရှုသင့် သည်ဟု ပရဟိတသမားများက ပြောသည်။

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...