ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အင်ဥများ စတင်ပေါ်သည့်အချိန်တွင် စျေးပြိုင်ဝယ်ယူသူများကြသည့် အတွက် ယခုနှစ်တွင် အင်ဥများစျေးကောင်းရရှိနေကြသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
အင်ဥစတင်ပေါ်သည့် အချိန်တွင် တစ်ဗူးလျှင် ၁,၅၀၀ ကျပ်ရှိရာမှ စျေးပြိုင်ဝယ်သူများလာသည့်အတွက် ယခု တစ်ဗူးကို ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ်အထိစျေးနှုန်းရှိလာသည်ဟု ကော့ကရိတ်ဒေသခံအချို့က ပြောသည်။
အင်ဥရှာဖွေရောင်းသည့် ဒေသခံတစ်ဦးက “ရောင်းလို့ တော်တော်ကောင်းတယ် အင်ဥက။ မိုးသိပ်မရွာလို့ မရှိ တာ။ အင်ဥများများ ရရင်တော့ ရွာသားတွေ ဆား၊ ငါးပိဖိုးရတာပေါ့ ။ အခုက ဘာမှရှာစားလို့မတတ်ဘူး။ အင်ဥ ထွက်တဲ့အချိန် ဆား၊ ငါးပိဖိုးရသွားတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
အင်ဥစျေးကောင်းရနေသောကြောင့် တောထဲတွင် အင်ဥသွားရောက်ရှာဖွေသူ များလာကာ အင်ဥရရှိမှုနည်းလာ ပြီး ရှာရခက်ခဲလာသည်ဟုလည်း အင်ဥရှာနေသည့် အခြားရွာသားတစ်ဦးက ပြောသည်။
၎င်းက “အင်ဥက သူပေါ်တဲ့အချိန်မှကျတာ၊ အခုအင်ဥစျေးကောင်းရနေတော့ လိုက်ရှာတဲ့ သူက လည်းများ တယ်။ တော်တော်ရှာစားရတယ်။ သွားရှာလို့ရတဲ့အခါရတယ်။ မရတဲ့အခါတွေ လည်းရှိတယ်” ဟု ပြောသည်။
ကော့ကရိတ်မြို့နယ်ထဲရှိ ဒေသခံအများစုသည် တိုက်ပွဲဒဏ်ကြောင့် စစ်ရှောင်နေရကာ စားဝတ်နေရေး ခက်ခဲပြီး ငွေရေးကြေးရေး အကြပ်အတည်း ရင်ဆိုင်နေရသောကြောင့် သဘာဝသီးနှံထွက်သည့် အချိန်တွင် ယခုကဲ့သို့ စျေးကောင်းရရှိသည့်အတွက် လက်လုပ်လက်စား ပြည်သူများအတွက် မီးဖိုချောင်သုံးစာရိတ် အနည်းငယ် အဆင်ပြေနေကြောင်း ဒေသခံက ဆိုသည်။
အင်ဥထွက်သည့် အချိန်သည် မြန်မာလဖြစ်သည့် ကဆုန်လ (မေလ) မိုးဦးစအချိန်တွင် စတင်ထွက်ရှိပြီး အင်ပင်ရှိ သည့် နေရာများတွင်သာ အင်ဥထွက်ကာ တစ်ကြိမ်ထွက်လျှင် ၁၅ ရက်ခန့်သာ ကြာခံသည်ဟု အင်ဥရှာသည့်သူ များက ပြောသည်။
ကော့ကရိတ်မြို့နယ် အတွင်းရှိ အခြေခံလူတန်းစား အချို့သည် ရာသီအလိုက် သဘာဝတောထွက် သီးနှံများဖြစ် သည့် အင်ဥအပြင် ပုရစ်၊ မျှစ်၊ ဒညင်းသီး၊ ကဒက်၊ ဝဥနှင့် တောထွက် တို့စရာများကို ရှာဖွေရောင်းချကာ မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရရှိလျက်ရှိသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်တွင် ဒေသအတွင်း တိုက်ပွဲပြင်း ထန်လာခဲ့ရာ အဆိုပါ လက်လုပ်လက်စား ဒေသ ခံလူထုများသည် သွားလာလုပ်ကိုင်၍ အဆင်မပြေတော့သည့် အတွက် စားဝတ်နေရေး ပိုမိုခက်ခဲသွားသည်ဟု ဆိုသည်။