ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ (၆)ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှ ဒေသခံတွေဆီကနေ သိရပါတယ်။
ယမန်နေ့ (မေလ ၂၄ရက်) ည ၁၀ နာရီခွဲကျော်အချိန်မှာ လေကြောင်းကနေ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“၁၀နာရီအချိန် သူလာတယ်။ ပထမတစ်လုံးကြဲပြီး သူနည်းနည်းအသံတိတ်ပြီး နောက်တစ်ခါပြန်ပတ်ပြီး တစ် မိနစ်ပဲ ကြာမယ်ထင်တယ်။ နောက်တစ်လုံး ထပ်ချအဲလိုမျိုး ၆လုံးဆက်တိုက်။ ကြဲပြီးတဲ့အချိန် လက်နက်ကြီး ကျလာတယ်။ ထိခိုက်သေဆုံးမှုတွေကတော့ ဒီ လေး၊ငါးယောက်သေတယ်လို့တော့ကြားတယ်။အတိကျတော့ မသိဘူးပေါ့“ လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့နေရာကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ (၅)ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။ မည်သူမည်ဝါ သေဆုံးခဲ့တယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြား အတည်ပြုနိုင် ခြင်း မရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး က “(၆)ကြိမ်လောက်တော့ ကြဲတယ်ပေါ့နော။ ပြီးသွားတဲ့အခါကျတော့ မြေပြင်ကနေ လက် နက်ကြီး (၆)ကြိမ်လောက် ထပ်ထုတယ်ပေါ့။ ထိခိုက်ဒဏ်ရာကတော့ ကျနော်တို့ တော်လှန်ရေးတပ်စုက တပ် ရင်း(A)၊ တပ်ရင်း (၆)က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရတယ်။ အသေးစိတ်တော့ကျနော်တို့ မသိရသေးဘူး။ ဒီမနက်လည်း ခဏက တစ်စင်းဝဲတယ် ကင်းထောက်လေယာဉ်ဖြစ်ဖို့များတယ်။ အခုတော့ ပြန်သွားပြီ“ လို့ ပြောပါတယ်။
ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ (၂၉) ရက်နေ့မှာလည်း တိုက်လေယာဉ် နှစ်စီးနဲ့ (၁၀) ကြိမ်ပျံသန်း ပြီး (၆) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။
ဒ့ါအပြင် မေလ (၁၄) ရက်နေ့ ကနေ (၂၃) ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာ၊ ဒေါလျားခူကျေး ရွာ တောင်ပေါ်တကြောမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူး ပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
(၁၀) ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက် ဗိုလ်ကြီးအဆင့် (၁)ဦး၊ ဗိုလ်အဆင့်(၂)ဦး အပါအဝင် တပ်သား (၄၀) နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က မေလ ၂၄ ရက်နေ့ က သတင်းထုတ်ပြန်ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ ရဲဘော် (၇)ဦးနဲ့ ကရင်နီတပ်မတော်မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့ရပါတယ်။
စစ်ကောင်စီဖက်က ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီး တပ်ရင်းမှူး၊ ယာယီတပ်ရင်းမှူး ၊ ဗိုလ်အဆင့်ရှိသူ ပါဝင် တယ်လို့ ဆိုပါတယ်။ ပူးပေါင်းတပ်က စစ်ကောင်စီတပ်သား သုံ့ပန်း (၂) ဦးကို ဖမ်းမိခဲ့သလို MA-1,2,3,4 ၊ 9mm Pistol၊ RPG နဲ့ ဆက်စပ်လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း ဖရူဆို၊ ဒီးမော့ဆို ငွေတောင်၊ လွိုင်ကော် အခြေစိုက်တပ်တွေကနေ လက်နက်ကြီး ပစ်ကူရှိသလို ဂျက်တိုက်လေယာဉ်နဲ့ အကြိမ် (၆၀)ထက်မနည်း ဗုံးကြဲတာတွေ ၊ လေယာဉ်ပေါ်ကနေ ပစ်ခတ်တာတွေ လုပ် ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ (၄၂၅)၊ ခမရ (၅၁၇)၊ ခလရ (၂၈၇) တပ်ရင်းတွေနဲ့ KNDF၊ KA၊ Loikaw PDF တို့ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။