ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ တိမ်ဖုံးနေသည့်မျက်စိအားဆေးကုသခွင့်ပေးရန် စစ်ကောင်စီထံ ၉ လခန့်ကြာ အသနားခံတောင်းဆိုထားသော်လည်း ကုသခွင့်မရသေး

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ တိမ်ဖုံးနေသည့်မျက်စိအားဆေးကုသခွင့်ပေးရန် စစ်ကောင်စီထံ ၉ လခန့်ကြာ အသနားခံတောင်းဆိုထားသော်လည်း ကုသခွင့်မရသေး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ တိမ်ဖုံးနေသည့်မျက်စိအား ဆေးကုသခွင့်ပေးရန် စစ်ကောင်စီထံ ၉ လခန့်ကြာ အသနားခံ တောင်းဆိုထားသော်လည်း ကုသခွင့်မရသေးဟု မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် တစ်လကျော်ခန့်ကလည်း စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဂွမြို့သို့ ရောက်ခဲ့ချိန် မိသားစုဝင်များက စာတင်တောင်းဆိုခဲ့သည်ဟု ဦးညီပု၏သမီး မကြည်ကြည်ဦးက ပြောသည်။

"ဆေးကုသခွင့် မရသေးဘူး။ ပြီးခဲ့တဲ့ ၁ လကျော်လောက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဂွခရီးလာတုန်းကလည်း စာတင်ပြီးတော့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှ မထူးခြားသေးဘူး"ဟု ပြောသည်။

ဦးညီပုသည် မျက်စိဝေဒနာကို ယခင်ကတည်းက ခံစားနေရပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လခန့်မှစတင်ကာ ဘယ်ဘက်မျက်လုံးတွင် တိမ်ဖုံးဝေဒနာမှာ ပိုမိုပြင်းထန်လာခဲ့၍ ခွဲစိတ်ကုသမှုရရှိရန် မိသားစုဝင်များက ယင်းအချိန်ကပင် တောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း လက်ရှိအချိန်အထိ ဆေးကုသခွင့်မရရှိဘဲ ထောင်တွင်းတွင် မျက်စဉ်းဆေးရည်နှင့်သာ ကုသနေရသည်ဟု မိသားစုဝင်များက ဆိုသည်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ဦးညီပုအား စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက် ညအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။

ယင်းနောက် နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၁၀ ရက် ညနေ၌ ပြန်လည်ဖမ်းဆီးခဲ့ပြီး စစ်တွေထောင်သို့ ပို့ဆောင်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် မဲသမာမှုပုဒ်မ ၁၃၀ (က)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၉ နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ကျခံထားရကြောင်း သိရသည်။

အလားတူ NLD လက်ထက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးလုပ်ခဲ့ကြသည့် ဦးမင်းအောင်၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်လွင်တို့လည်း ဖမ်းဆီးခံထားရပြီး စစ်တွေ အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

September 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာမှ ကျေးရွာသူ/သားများကို စစ်ကောင်စီတပ်က...
September 16, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဆေးရုံကြီး၌ တာဝန်ကျနေသော ဆရာဝန်ကြီးတချို့...
September 14, 2024
ရခိုင်ပြည် စစ်တွေမြို့ ရွှေပြားရပ်ကွက် အပါအဝင် ကမ်းနားလမ်းတစ်လျှောက်မှ အရပ်သား အများအပြားကို...
September 13, 2024
ရခိုင်ပြည်မြောက်ပိုင်းတွင် မိုးကြီးဦးမည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင်များက ခန့်မှန်းထားသည်...