KNU တပ်မဟာ ၃ ညောင်လေးပင်တွင် လူ ၅၀၀၀ ခန့် စစ်ရှောင် ထွက်ပြေးနေရ

KNU တပ်မဟာ ၃ ညောင်လေးပင်တွင် လူ ၅၀၀၀ ခန့် စစ်ရှောင် ထွက်ပြေးနေရ
၂၀၂၂ ခုနှစ် ဩဂုတ်အတွင်းက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ညောင်လေးပင် ခရိုင်အတွင်းက စစ်ဘေးရှောင်များ (Photo – KNU - ပုံဟောင်း )
၂၀၂၂ ခုနှစ် ဩဂုတ်အတွင်းက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ညောင်လေးပင် ခရိုင်အတွင်းက စစ်ဘေးရှောင်များ (Photo – KNU - ပုံဟောင်း )

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲတွင် တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် လူဦးရေ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။

ရွှေကျင်မြို့နယ်ထဲတွင် မတ်လ ဒုတိယအပတ်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အချိန် အထိ ဖြစ်ပြီး တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ဦးရေ ၅၀၀၀ ခန့်ရှိနိုင်သည်ဟု ညောင်လေး ပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ စောအယ်စတားက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ စောအယ်စတားက “ကျနော်တို့ ဒီမနက်အထိက တိုက်ပွဲသံ ကြားနေရတုန်းပဲ လက်နက်ကြီးသံတွေလည်း ကြားနေရတုန်းပဲပေါ့နော။ ကျနော်တို့ တိုက်ပွဲဖြစ်တာက လက်ရှိ လောလောဆယ် ဒီက ဖြစ်နေတဲ့ဟာကတော့ ဒီကြားထဲမှာ ဆိုရင် ၅ ရက် တပတ်ဝန်းကျင် ၅ ရက် တစ်ပတ် လောက်ရှိပါပြီပေါ့နော်။ ဒီကြားထဲမှာ ဖြစ်နေတာပေါ့နော်” ဟု မတ်လ ၁၄ ရက်နေ့က ပြောသည်။

စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ ကရင်ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကရင်လူမှုရေးရာ အဖွဲ့က ပြောသည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်း ရှောင်နေရသည့် စောအယ်စတားက ဆက်ပြောသည်။

စောအယ်စတားက “အင်းဗလာဆိုရင် အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိတယ်ဗျာ။ အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိ တယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ အကုန်လုံး ထွက်ပြေး တိမ်းရှောင်သွားတယ်ဆိုရင် အဲဒီ အင်းဗလာ ရွာမှာပဲ ရွာကိုပြန်ကြည့်မယ်ဆိုရင် လူဦးရေ ကျား/မ ပေါ့ စုစုပေါင်း ဆိုရင် အားလုံး လူပေါင်း ၂၀၀၀ ကျော်ရှိ တယ်ဗျား။ နောက်တစ်ခုက ချောင်းဂျိုးဆိုရင် အိမ်ခြေပေါင်း ၇၀ ရှိတယ်ဗျား။ အဲဒါတစ်ရွာလုံး ထွက်ပြေးတိမ်း ရှောင်သွား ပြီးဆိုရင် ကျနော်တို့ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါ လူဦးရေ တစ်ထောင် ကျော်ရှိပါတယ်နော။ အာလုံး စုစုပေါင်းဆိုရင် လူပေါင်း လေးထောင်ကျော် ငါးထောင်ဝန်းကျင် ရှိပါတယ်ဗျာ” ဟု ပြောသည်။

အင်းဗလာ၊ ချောင်းကျိုး၊ ပုဇွန်အိုင်၊ လက်ကောက်ဝ၊ ပျဉ်ရေ၊ မိုးခို၊ အင်းကျိုက်၊ အင်းဘဝါ ၊ဝိုင်ကျွန်း၊ ဖိုးပိုက်ဆံ၊ ရွှေခဲစု၊ ညောင်အိုင် အစရှိသည့် ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု အမည်မဖော် လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင် နေရသည့် အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက “အခု တချို့တော့ နီးစပ်ရာ ဒီ ရွှေကျင် ဖက်ကနေ ပတ်ပြီးတော့ ပြေးသွားကြာတာပေါ့နော အသိရှိတဲ့ နေရာတွေ ဘုန်းကြီးကျောင်းတို့ ဘာတို့ မှာ တချို့ဆွေမျိုးရှိတဲ့ နေရာလေးလိုက်ပြီးတော့ နေကြတာပေါ့လေ။ အဲ့လိုပဲ သိရတယ်။ ၁၂ ရွာလောက်ရှိ တယ်။ လူဦးရေတော့ ထောင်ကျော်မှာပဲ ထင်တယ်။ အိမ် ၆ထောင် ကျော်တယ်ဆိုတော့” ဟု ပြောသည်။

ဒေသခံများမှာ ရွှေကျင်မြို့နှင့် မဘီးကျေးရွာအုပ်စု ဘုရားကြီးကျေးရွာရှိ ကျောက်မှော်ဘုရားဖက်သို့ ထွက်ပြေး တိမ်းရှောင်နေကြသည့် သူများရှိသလို စစ်ဘေးလွတ်ရာ အခြားကျေးရွားများသို့ ထွက်ပြေးတိမ်းရှောင် ကြသည့် သူများလည်း ရှိသည်ဟု ဆိုသည်။

ရွှေကျင်မြို့နှင့် ကျောက်မှော်ဘုရားဖက်သို့ ရောက်ရှိသွားသည့် စစ်ဘေးရှောင်များမှာ ဘုန်းကြီးကျောင်းနှင့် ဘုန်း ကြီးကျောင်း ဓမ္မရုံများတွင် နေထိုင်နေကြပြီး ၎င်းတို့၏ စားဝတ်နေရေးကို ဒေသခံများနှင့် စစ်ဘေးရှောင်လာသူ အချင်းချင်းက ဝိုင်းဝန်း ဖြေရှင်းနေကြသည်ဟု ပြောသည်။

ထို့အတူ အခြားကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင် သူများမှာလည်း ဆွေမျိုးများ၏ နေအိမ်တွင် နေထိုင်ကြ ပြီး ဆွေမျိုးများ၏ အကူအညီဖြင့် စားဝတ် နေရေးကို ဖြေရှင်း နေကြသည်ဟု စောအယ်စတား က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ရသလို တိုက်ပွဲဖြစ်ပွားမှု မရှိပဲနှင့်လည်း စစ် ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက် ရာတွင် ပစ်ခတ်ပြီး ဝင်ရောက်ခြင်း၊ ဒေသခံများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် အခြေ အနေများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ဒေသခံများက ပြောသည်။

ထိုအနေအထားများကြောင့် နိုင်ငံတကာ အကူအညီပေးနေသည့် အဖွဲ့အစည်းများက စစ်ဘေးရှောင်များကို ယခု ထက်ပိုပြီး အကူအညီပေးရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်ကို စောင့်ကြည့်ပြီး ထိရောက်သည့် အပြစ်ပေးအရေး ယူမှုများကို လုပ်ဆောင်ပေးရန် လူ့အခွင့် အရေးလှုပ်ရှားသူများနှင့် ဒေသခံများက တောင်းဆိုသည်။

Most read this week

January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...