ဝိုင်းမော်မြို့နယ် မြစ်ကြီးနားမြို့နယ်– ဗန်းမော်ကားလမ်းမပေါ် နမ့်ဆန်ယန် (Namsan Yang) ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်ရန် ပြင်ဆင်နေသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ နာဖော့ဘက်မှ စစ်ရိက္ခာတင်ပို့ပြီးဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မြစ်ကြီးနားမြို့နယ် ဆင်ဘိုနယ်ဘက်မှ တက်လာသည့် စစ်ကြောင်းသည် နမ့်ဆန်ယန်ကျေးရွာအနီး နှစ်နေရာတွင် တပ်စွဲနေထိုင်ရန် အင်အားဖြည့်တင်းနေကြောင်း KIA ရှေ့တန်းရင်းမြစ်တစ်ဦးက KNG ကို ပြောသည်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းလောက်က နမ့်ဆန်ကနေ နာဖော့ကိုသွားမယ် ခြေလျင်နဲ့ဖြတ်မယ်ဆိုတာကို မဖြတ်ခိုင်းဘဲနဲ့ ဒီဘက်က သွားစောင့်ကြည့်နေတယ်။ အဲဒါကို ပြည်သူတွေက တိုက်ပွဲမဖြစ်အောင် အရမ်းတားလို့ ကားနဲ့ ဖြတ်ခိုင်းလိုက်တယ်။ အဲဒီကတည်းက သူတို့ထွက်မသွားတော့ဘူး အဲ့မှာရှိနေတော့ ခုထိတစ်ဖက်နဲ့တစ်ဖက်က စောင့်ကြည့်နေတယ်”ဟုပြောသည်။
စစ်ကောင်စီတပ်ဘက်မှ နမ့်ဆန်ယာန်ကျေးရွာအနီး ခလားကျေးရွာအနီးရှိ ဒွမ်ဘန်ဘွမ် (Dum Bang Bum ) နှင့် နမ့်ဆန်ချောင်းတံတားမရောက်မီ ပန်ဒေါင်လမ်းခွဲနားတွင် တပ်စွဲနေထိုင်ရန် စစ်အင်အားရာချီ စစ်ကြောင်းထိုးနေသည့်အတွက် စစ်ရေးတင်းမာနေခြင်းဖြစ်ကြောင်းသိရသည်။
ဖေဖော်ဝါလဆန်းပိုင်းမှ စစ်ကောင်စီတပ်သည် အဆိုပါ နေရာ ၂ နေရာတွင် တပ်စွဲနေထိုင်ရန် ပြင်ဆင်ခဲ့ကြသော်လည်း ယင်းနေရာတွင် ရခိုင့်တပ်မတော် AA တပ်သားများ ဝင်ရောက်တပ်စွဲ နေရာယူထားသည်။
“အဲဒီ ဒွန်ဘန်ဘွမ်မှာ တပ်ထိုင်ဖို့လုပ်တာ အရင်ကတည်းကလည်း အဲနေရာက စစ်တပ်တွေနေတဲ့ နေရာဟုတ်တယ်။ ဒါပေမယ့် ခုနောက်ပိုင်း အဲမှာက AA ထိုင်လိုက်တော့ စစ်ရေးတင်းမာနေတာ”ဟုဒေသခံတစ်ဦးက ပြောသည်။
နမ့်ဆန်ယန်ကျေးရွာသည် မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်တွင် တည်ရှိပြီး KIO ဗဟိုဌာနချုပ်နှင့် အနီးဆုံးကျေးရွာဖြစ်ကာ ၁၀ မိုင်ခန့်သာ ကွာဝေးသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲကြောင့် ၇ နှစ်ကြာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံး အိမ်ထောင်စု ၁၇ စု နေရပ်ပြန်ခဲ့သည်။
စစ်ရှောင်များနေရပ်ပြန်ရာတွင် လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစွာနေရပ်ပြန်လည်နေထိုင်ရန်အတွက် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား အချက် ၅ ချက်ကိုသဘောတူထားရာ ကျေးရွာအတွင်း၊ အပြင် တပ်စွဲနေထိုင်ထားသည့် တပ်စခန်းများ ဆုတ်ခွာပေးရန်ဆိုသည့်အချက်လည်း ပါဝင်သည်။
လက်ရှိ နမ့်ဆန်ယန်ကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်အင်အားဖြည့်တင်းထားသည့်အတွက် အချိန်မရွေးတိုက်ပွဲဖြစ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။