ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က ရွာသားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အပြင် နေအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းက ပေါက်နက်ရွာသား ၂ ဦး အသတ်ခံလိုက်ရသည့် အပြင် ဟင်္သာကျေးရွာက နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “ပေါက်နက်က ကံလှိုင်နဲ့ ပေါက်စကို ပစ်သတ်လိုက်ပြီတဲ့၊ တုံလုံနားက ပေါက်နက် ရွာသားပါ။ တုံလုံက ဝင်လာတဲ့ စစ်သားတွေက ပစ်သတ်လိုက်တာ။ အရပ်သားကို ပစ်သတ်တာ။ ကတ္တရာ လမ်း ဘေးက တုံလုံကနေ ရွာသစ်ပေါ့နော်။ ကတ္တရာလမ်းရဲ့ အရှေ့ဘက်ကပေါ့။
ပေါက်နက်က ရွာသားပါ အခု အသတ် ခံရတာက” ဟု ပြောသည်။ ထီးချိုင့်မှထွက်ပြီး ဧရာဂတီအရှေ့ခြမ်း၌ မွှေနှောက်နေသော စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရလ ၁၄ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင် အချိန်၌ ဗန်းမော်-မန္တလေး လမ်းဘေးရှိ ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံ အနီးက ပေါက်နက်ကျေးရွာသား ၂ ဦးအား ပစ်သတ်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ငါအိုး ၁၂၁ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟင်္သာကျေးရွာရှိ ပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ နေအိမ်အရေအတွက်ကိုမူ မသိရသေးဘူးဟု ဒေသခံများ က ပြောသည်။ ထို့နောက် အဆိုပါစစ်ကြောင်းသည် အင်းကြီး၊ လေဘိုကျေးရွာများအား မီးရှို့ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းနှင့် သွားရောက် ပေါင်းစည်းဖွယ်ရှိနေသည်ဟု ဒေသခံရွာသား အချို့က ဆိုသည်။
ထီးချိုင့်အရှေ့ဖက်ကမ်းတွင် စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်း ရောက်ရှိနေပြီး အဆိုပါ စစ်ကြောင်း ၃ ကြောင်း လုံးသည် ရပ်ရွာနေပြည်သူများ၏ အသက်အိုးအိမ်များအား ဖျက်ဆီးရန် စီမံချက်နှင့်လာခြင်း ဖြစ်သည်ဟုလည်း ရွာသားများက ဆိုသည်။
ထီးချိုင့်မြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက မကြာသေမှီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များထဲတွင် မပါဝင်သော်လည်း ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်မြေအတွင်းရှိ စစ် တပ်များ၊ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား မကြာခဏ တိုက်ပွဲများဖြစ်ပွား နေသည့် နေရာဖြစ်သည်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတဝှမ်းရှိ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ရေးအဖြစ် ထုတ်ပြန် ကြေညာထားရာ စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ ပါဝင်သည်။