ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Programme) ကနေ ထောက်ပံ့တဲ့ ဆန်တွေတချို့ကို စျေးဆိုင်တွေမှာ ပြန်လည်ရောင်းချတာတွေကို တွေ့ရှိရပြီးနောက် အမှန်တကယ်လိုအပ်နေသူတွေဆီကို အကူညီတွေရောက်နိုင်ဖို့ အတွက် ပုံစံအသစ်နဲ့ ဆောင်ရွက်နေတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ကန္တာရဝတီတိုင်း(မ်) ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
“ကျွန်တော်တို့အနေနဲ့ အားလုံးကိုလွှမ်းခြုံတဲ့ ကူညီမှုပုံစံမျိုးကနေပြီးတော့ အလိုအပ်ဆုံးသူတွေကိုပဲ အကူအညီပေးအပ်တဲ့ပုံစံကိုပြောင်းလဲဖို့ တဖြည်းဖြည်းချင်း ဆောင်ရွက်နေပါတယ်။ ဒီလိုမျိုးဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်သဘောပေါက်ဖို့နဲ့ လိုအပ်ချက်တစ်ခုတည်းအပေါ်ကိုပဲ အခြေခံပြီး WFP ရဲ့အထောက်အပံ့ကို ဘယ်သူတွေရသင့်လဲဆိုတာကို ခွဲခြားသိရှိနိုင်ဖို့အတွက် ရပ်ရွာလိုအပ်ချက် အကဲဖြတ်စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူဖို့အတွက် ဒေသခံစေတနာ့ဝန်ထမ်းတွေနဲ့အတူ ရပ်ရွာလူထုနဲ့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ “ လို့ သူကပြောပါတယ်။
WFP ဟာ လက်ရှိ ကရင်နီပြည်အတွင်းမှာ စစ်ကောင်စီက သွားလာခွင့်ပေးထားတဲ့ နေရာတွေမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ Mr. Stephen Anderson က ဆက်ပြောပါတယ်။
လက်ရှိ WFPရဲ့ ထောက်ပံ့မှုတွေဟာ လွိုင်ကော်မြို့ မှာ အဓိက ထောက်ပံ့မှုပေးအပ်နေတာဖြစ်ပြီး ဆန်၊ ပဲ၊ ဆီ၊ ဆား စတဲ့ အခြေခံ ရိက္ခာတွေကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ လွိုင်ကော်မှာ WFPရဲ့ ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး လွိုင်ကော်ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။
“စစ်ရှောင်တွေ လည်း ရတယ် အစပိုင်းကတော့ ချို့တဲ့ သူကော မချို့တဲ့ သူကော လွိုင်ကော်နေသူတိုင်း ရပ်ကွက်အလိုက် အိမ်ထောင်စု စာရင်း အလိုက် လူဦးရေ အတိုင်း သွားထုတ်ရုံပဲ။ အခုနောက်ပိုင်းတော့ အဲလိုမရတော့ဘူး။ သူတို့မေးခွန်းတွေ ကြိုမေးခိုင်းပြီးမှပေးတယ်။ မေးခွန်းတွေကတော့ အိမ်ရဲ့ အခြေအနေ ဝင်ငွေ ဘာညာပေ့ါ။ “ လို့ လွိုင်ကော်ဒေသခံ တစ်ဦးက ဆိုပါတယ်။
ယခင် ၂၀၂၂ နှစ်လယ်မှာ WFPကနေ ထောက်ပံ့တဲ့ ဆန်တချို့ ကို လွိုင်ကော်မြို့က တချို့သော စျေးဆိုင်တွေမှာ ရောင်းချနေတာတွေ ရှိနေတယ်လို့ ဒေသခံတချို့က ပြောဆိုကြပါတယ်။
ဒါဟာ ရိက္ခာထောက်ပံ့မှုရရှိတဲ့သူအချို့ အခြားအရေးပေါ်လိုအပ်ချက် (သို့မဟုတ်) တခြားသော အစားအစာတွေနဲ့ လဲလှယ်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ ရောင်းချကြတာဖြစ်ပြီး အခွင့်မရှိဘဲ လက်ကားရောင်းချတာမျိုးဆိုရင် လက်ခံမှာ မဟုတ်ကြောင်း Mr. Stephen Andersonက ဆက်ပြောပါတယ်။
“အကျိုးခံစားခွင့်ရှိသူတွေအနေနဲ့ သူတို့ရရှိထားတဲ့ရိက္ခာတွေကို အဆင်ပြေသလို အသုံးပြုတာဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်ပဲမို့ သူတို့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အနေနဲ့ အပြည့်အဝအသိအမှတ်ပြုပါတယ်။ ဒါပေမယ့် WFP ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့တွေကို အခွင့်မရှိဘဲ လက်ကားရောင်းချတာမျိုးဆိုရင်တော့ လုံးဝလက်သင့်ခံမှာ မဟုတ်ပါဘူး။“ လို့ Mr. Stephen Andersonက ပြောပါတယ်။
တဖက်မှာလည်း စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်က ပြည်သူတွေဟာ လွိုင်ကော်မြို့အပြင် ဒီးမော့ဆို ၊ ဖရူဆို၊ ရှားတော၊ မယ်စဲ့၊ ဘောလခဲ ၊ ဖားဆောင်း၊ ဖယ်ခုံ စတဲ့မြို့နယ်တွေမှာ တိမ်းရှောင်နေသူတွေများပြားနေပြီး စားနပ်ရိက္ခာ ရရှိမှု ခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။
အဲဒီမြို့နယ်တွေဟာ သွားလာရေးခက်ခဲပြီး စစ်ကောင်စီရဲ့ ကန့်သန့်မှုတွေကြောင့်လည်း စစ်ရှောင်တွေ ရိက္ခာ ပြတ်တောက်နိုင်တာကြောင့် နိုင်ငံတကာ အဖွဲ့ အစည်းတွေကနေ နယ်စပ်ဖြတ်ကျော်ကူညီမှု ကို စဉ်းစားဖို့ လိုအပ်လာပြီဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။
“ နယ်စပ်ဖြတ်ကျော်ပြီးတော့မှ ကျနော်တို့ သွားရင် ပိုပြီးတော့ အဆင်ပြေမလားဆိုတဲ့ စဉ်းစားချက်ရှိလာတယ်။ ဒါက ကျနော်တို့ မဖြစ်မနေ စဉ်းစားရမယ့် ပုံစံဖြစ်တယ်။ မဖြစ်မနေလည်း လမ်းကြောင်းရှာရမယ့် ပုံစံဖြစ်တယ်။ လူထုတွေဆီ ရောက်ဖို့အတွက် နောက်ဆုံးက လူထုတွေကနေ ထိန်းချုပ်ထားတဲ့ ဧရိယာကနေ ဖြတ်သန်းရင်တော့ လူထုဆီပိုရောက်တယ်။ WFPတွေ ဆန်ဝေတယ်ဆိုတာက မြို့ပေါ်ပဲ ဝေနိုင်တာလေ။ တကယ် စစ်ဘေးရှောင်ထဲမှာ မဝေနိုင်ဘူး။ အဲ့ဒီဟာကို ဝင်နိုင်ဖို့အတွက်က လူထု တွေရှိတဲ့ လမ်းကြောင်းကနေ ဖောက်မှပဲ လူထုရှိတဲ့ လမ်းကြောင်းကနေ ဖောက်ရင်တော့ ဒီနယ်စပ်ဖြတ်ကျော်တဲ့ program တွေကို စနစ်တကျ လုပ်နိုင်မှ ရမယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။“ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သလို WFP အနေနဲ့ အကူအညီအလိုအပ်ဆုံးသူတွေဆီ သွားရောက်ကူညီနိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကြိုးစားနေတယ်လို့ WFPက ကန္တာရဝတီတိုင်း(မ်)ကို ဖြေဆိုထားပါတယ်။