ရာအိမ်မှူး တစ်ဦး PDF ထောက်ပံ့မှုဖြင့် ထောင် ၁၀ နှစ် ချခံရ

ရာအိမ်မှူး တစ်ဦး PDF ထောက်ပံ့မှုဖြင့် ထောင် ၁၀ နှစ် ချခံရ

စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီး ဟင်္သာတ ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြော သည်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ ခုံကြီးကျေးရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးမြင့်ဦးကို PDFများ အား ထောက်ပံ့သည်ဟု စွပ်စွဲပြီး လွန်ခဲ့သော လေးလခန့်က အခြားရွာသား လေးဦးနှင့်အတူ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

အသက် ၆၀ ကျော် ခုံကြီးရွာသားတစ်ဦးက “သူက စစ်တပ်ကခန့်တဲ့ ရာအိမ်မှူးပေမယ့် လူအေးပါ။ နိုင်ထက် စီး နင်း လုပ်တာမျိုးမရှိဘူး။ PDF ကို ထောက်ပံ့ ရအောင်လည်း အရမ်းကြီး ချောင်လည်တာလည်း မဟုတ်ပါဘူး။ မနာလိုတဲ့ သူတစ်ယောက်ယောက်က တမင် သတင်းမှား ပေးလိုက်တာလို့ ထင်တယ်” ဟု ပြောသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အခြားရွာသား ၄ ဦးကို စစ်တပ်က ပြန်လည် လွတ်ပေးခဲ့သော်လည်း ဦးမြင့်ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နှင့် တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် ဟင်္သာတ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချလိုက်ခြင်း ဖြစ်သည်ဟု အကျဉ်း ဦးစီးဌာနနှင့် နီးစပ်သူအချို့က ပြောသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ခုံကြီးကျေးရွာသို့ စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲအင်အား ၂၀ ခန့်ရောက်ရှိလာပြီး ဦးမြင့်ဦးနှင့် အခြားရွာသား ၄ ဦးတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများ ကပြောသည်။

မိသားစုဝင်တစ်ဦးက “ထောင် ၁၀ နှစ် ချလိုက်တယ်လို့ပဲ ကြားရတာ။ ဖမ်းသွားတဲ့ အချိန်ကစပြီး အခုထိ တွေ့ ခွင့် မရဘူး။ အသက်ကလည်း ၆၀ ကျော်ဆိုတော့ ကျန်းမာရေးအတွက် စိုးရိမ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်နေ့ကလည်း ခုံကြီးဘိနယ် သစ်တောတာဝန်ခံ ဦးနေစိုးနိုင်ကို ခုံကြီး ကျေးရွာ အနီးရှိ သစ်တောများထဲအတွင်း PDF များကို လက်ခံထားသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သေးသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ က ပြောသည်။

ကြံခင်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူနေအိမ် ၁၅ လုံးခန့်ကို PDF တပ်ဖွဲ့ဝင်များနှင့် ပတ်သက် ဟုဆိုကာလည်း စစ်ကောင်စီက ချိပ်ပိတ်ထားသည်။

လက်ရှိ ဦးမြင့်ဦး ဖမ်းဆီးအကျဉ်းချခံထားရသည့် ဟင်္သာတ ထောင်အတွင်း နိုင်/ကျဉ်းများ အားလုံးကို ထောင်ဝင် စာသာ ပို့ခွင့်ရရှိကြပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးဘူးဟု နိုင်/ကျဉ်း မိသားစုဝင်များ က ပြောသည်။

စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲများသည် ကြံခင်းမြို့နယ် အနောက်ဘက်ရှိရိုးမတောအတွင်းသို့ တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ခန့် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...