ရထားသံတံတား မိုင်းခွဲခံရပြီး ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီ ဖျက်သိမ်း

ရထားသံတံတား မိုင်းခွဲခံရပြီး ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီ ဖျက်သိမ်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာအနီး ခလွန်ချောင်းကူး ရထားလမ်း သံတံတား မိုင်းခွဲခံရပြီး နောက် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ်များ ယာယီဖျက်သိမ်းလိုက်သည်။

မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာ ကြားရှိ ခလွန်ချောင်းကူး ရထားလမ်း သံတံတားသည် ဇန္နဝါရီလ ၂၆ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့်က မိုင်းဖောက်ခွဲခံရပြီး တံတားနံရံ အက်ကွဲခြင်း၊ ရထားသံလမ်းလည်း ကွေးကောက်သွား ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက “တံတား ပြင်ပြီးတာနဲ့ ရထား ပြန်လည် ပြေးဆွဲသွားမှာပါ။ အခု တော့ ခရီးစဥ်တွေကို ယာယီ ဖျက်သိမ်းထားတယ်။ ပြန်ပြေးဆွဲမယ့်ရက်ကို ပြန်ပြီး ကြေညာ ပေးသွားမှာပါ။ လက် မှတ်ဝယ်ထားတာကိုလည်း လက်မှတ်ခ ပြန်ပေးနေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရထားလမ်းတံတားကြံ့ခိုင်မှု အခြေအနေကြောင့် ရထားဖြတ်သန်း၍ မရသည့်အတွက် ရထားခရီးစဥ် များကို ဇန္နဝါရီလ ၂၇ ရက်နေ့မှစတင်ပြီး ယာယီဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန် ထားသည်။

မြန်မာ့မီးရထားက တာဝန်ရှိသူများက ရထားလမ်းသံတံတားကို အမြန်ဆုံး ပြင်ဆင်လျက်ရှိပြီး ပြီးစီးသည်နှင့် ရထား ပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဟုလည်း မော်လမြိုင်ဘူတာကြီးက တာဝန်ရှိသူများက ပြောသည်။

ခရီးစဥ် ယာယီ ဖျက်သိမ်းလိုက်သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူ ထားသူများကိုလည်း လက်မှတ်ခများ ပြန်ထုတ်ပေးနေသည်ဟု ခရီးသွားပြည်သူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအရနှင့် လမ်းခရီးတွင် စစ်ဆေးမှု များလာခြင်းတို့ကြောင့် ကား လမ်း ခရီးထက် ရထားလမ်းခရီးကို ပိုမိုအသုံးပြုလာသည်ဟု ခရီးသွားများက ပြောသည်။

ခရီးသွားတစ်ဦးက “ခရီးစဥ် ဖျက်သိမ်းလိုက်တော့ လက်မှတ်ခ ပြန်အမ်းပေးတယ်။ ရထားနဲ့ခရီးသွားနေတဲ့ သူ တွေက အခက်အခဲရှိတာပေါ့။ ဘယ်နှစ်ရက် နားထားမှန်းမှမသိတာ။ ဘူတာကတော့ပြန်ပြေးဆွဲမယ့် ရက်ကို ပြန် ကြေညာပေးမယ် ပြောတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်း ဘူတာ ကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရထားခရီးစဥ်များ ယာယီဖျက်သိမ်းခဲ့ရသေးသည်။

ထိုဖြစ်စဥ် ဖြစ်ပြီးနောက် မော်လမြိုင်-ရန်ကုန် လူစီး ညရထားခရီးစဥ်ကို မြန်မာ့မီးရထားက ဖျက်သိမ်းလိုက်ပြီး နေ့ခရီးစဥ်များသာ ပြေးဆွဲနေသည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရသည့် ဖြစ်စဥ်၊ ရထားလမ်းမိုင်းခွဲခံရသည့်ဖြစ်စဥ်များမှာ မကြာခဏ ဖြစ်ပွားနေသည်။

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...