ဧရာ၀တီတိုင်း၊ငပုတောမြို့နယ် ငရုတ်ကောင်း တောတွင်းမှ လက်နက်များ သိမ်းမိပြီးနောက် PDF များကို တောနင်းရှာဖွေနေသည်ဟု အုပ်ချုပ် ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီတပ်စု တစ်စုက ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းရှိ သစ်တောများထဲ နယ်မြေ စိုးမိုးရေး လုပ် ဆောင်နေစဉ် သစ်တောတွင်းရှိတောတွင်းစခန်း တစ်ခုမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိပြီးနောက် PDF များကို တောနင်းရှာဖွေနေခြင်း ဖြစ်သည်။
ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “မြှားတွေ ယမ်းမှုန့်တွေနဲ့ သေနတ် အတိုတလက် နဲ့အရှည် နှစ် လက် လည်းပါတယ်။ နယ်မြေစိုးမိုးရေး ကင်းလှည့်ရင်း သိမ်းမိတာ။ ပြီးတော့ PDF တွေရှိတယ် ဆိုပြီး တော နင်းရှာ နေကြတာ။ အခုထက်ထိတော့ တော်လှန်ရေး သမားတွေကို ဖမ်းမိတယ်လို့ မကြားမိဘူး” ဟု ပြောသည်။
ဇန္နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်း က ငရုတ်ကောင်း ကမ်းခြေမြို့ အတွင်း၌ သံပတ်ကွင်းကျေးရွာ၏အရှေ့မြောက် ၂၅ မိုင် အကွာရှိ တောအတွင်း တနေရာမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခြင်းဖြစ်သည်။ ဇန္နဝါရီလ ၂၀ ရက်နေ့အထိ ရှာဖွေနေစဲ ဖြစ်သည်။
ငရုတ်ကောင်းမြို့ကို ပုသိမ်မြို့ဘက်မှ စစ်ကား ၄ စီးဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ငွေဆောင်မြို့ဘက်က ထော်လာဂျီဖြင့် အင်အား ၃၀ နီးပါးရှိသည့် စစ်ကောင်စီ တပ်စုတစ်စုတို့ရောက်လာပြီးနောက် သံပတ်ကွင်း၊ ညောင်ဝိုင်း၊ ချောင်းဖျား၊ ဆေးခါးကြီးချောင်းစသည့် ကျေးရွာများတွင် တပ်ဖြန့် နေရာယူထားကာ ငရုတ်ကောင်း သစ်တော အတွင်း စစ်ကြောင်းထိုး တောနင်းရှာ နေခြင်းဖြစ်သည်။
လူ ၉ ဦး ခန့် စခန်းချနေနိုင်သည့် တဲ ၅ လုံး၊ M 22 ပစ္စတို ၁လက်၊ ကျည်အိမ် ၁ခု ၊ ၉ မမကျည် ၂၂ တောင့်၊၁၂ ဗို့ လက်လုပ်သေနတ် ၁လက်နှင့် ကျည် ၁၀တောင့်၊ တူမီး ၁ လက်၊ ဒူးလေး ၂ လက်၊ ခဲသီး ၁၀၉ လုံး၊ မြားတံ ၄၆ ချောင်း၊ ကန့်မှုန့် ၅၀ ကျပ်သား၊ ယမ်းမှုန့် ၂၀ သား၊ ယမ်းကြိုး ၂၀ ပေ ၁ ချောင်း၊ ဆိုလာ ၂ ချပ်တို့ကို သိမ်းဆည်းရ မိခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
ယင်းစခန်းမှာ မုဆိုးများ စခန်းချသွားသော စခန်းဟောင်းတစ်ခု ဖြစ်နိုင်ကာ မုဆိုးများကယင်းစခန်းများနှင့် မနီး မဝေးတွင် အမဲလိုက် လက်နက်များကို ဝှက်ထားလေ့ရှိပြီး စစ်တပ်ကကင်းလှည့်လာသည်ကို ရုတ်တရက် သိရှိ ကာ လက်နက်ပစ္စည်းများကို ထားခဲ့ကာရှောင်တိမ်းသွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံ အချို့က ပြောသည်။
ငရုတ်ကောင်းမြို့ခံ တစ်ဦးက “လက်ရှိအခြေမှာတော့ စစ်တပ်က အင်းအားဖြည့် စခန်းချပြီးရှာနေတာဆိုတော့ မသက်ဆိုင်တဲ့ သူတွေကို ဖမ်း ဆီး နှိပ်စက်မှာကို ဒေသခံတွေက စိုးရိမ်နေတယ်။စစ်တပ်က ရပ်ထဲရွာထဲ ရောက် ပြီဆိုရင် စွပ်ဖမ်းတယ် နှိပ်စက်တာဆိုတော့ အားလုံးက လန့်နေတာပေါ့” ဟု ပြောသည်။
ဇန္နဝါရီလ ၁၅ ရက်နေ့ ညကလည်း ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်းရှိကားကြီးရပ်နားကွင်း တွင် ဖေါက်ခွဲရေး လက်နက်များနှင့်အတူ လူငယ် ၆ ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်း ဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အချို့ကပြောသည်။
ဇန္နဝါရီ ၉ ရက်နေ့တွင်လည်း PDF များကို ဆက်သွယ် ထောက်ပံ့သည် စွပ်စွဲပြီး ပုသိမ်မြို့နယ်၊ ချောင်းသာ ကမ်း ခြေ တာဘောင်၊ ကံကြီးနှင့်ဆိပ်ကြီးကျေးရွာတို့က ဒေသခံ အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၅ ဦးကို စစ်ကောင် စီ တပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။