ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး တရားလိုနဲ့ တရားလိုပြသက်သေ(၃)ဦးကို ဇန်နဝါရီလ(၁၃)ရက်နေ့က စစ်ဆေးပြီးသွားပြီလို့ သိရပါတယ်။
ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနမှ ဗိုလ်မှူး သူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေ၁၇-(၁)အပြင် နိုင်ငံတော်အကြည်ညိုမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး ဇန်နဝါရီလ(၁၃)ရက်နေ့က ဗိုလ်မှူး သူအောင်ဇော်အပါအဝင် တရားလိုပြသက်သေ(၃)ဦးတို့ကို စစ်ဆေးပြီးပြီ ဖြစ်တယ်လို့ ဆရာကြီးရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“တရားလိုလည်း စစ်ပြီးပြီ။ လိုပြသက်သေတွေကိုလည်း စစ်ပြီ။ ခုက အမှုစစ်တစ်ဦးပဲ ကျန်တော့တယ်။ တရားကိုဘက်ပဲ စစ်သေးတယ်။ (၁၁)ရက်နေ့က အမှုတင်တယ်။ (၁၃)ရက်နေ့က တရားလို စစ်တယ်။ လိုပြသက်သေ(၃)ယောက် စစ်တယ်”အထက်ပါရှေ့နေက ပြောပါတယ်။
တရားလိုပြသက်သေ(၃)ဦးအဖြစ် မြို့မအုပ်ချုပ်ရေးမှူး၊ ရှမ်းစုတောင်အုပ်ချုပ်ရေးမှူး၊ စီတာပူ နယ်မြေမှူးတို့ကို စစ်ဆေးမေးမြန်းပြီးပြီဖြစ်ပြီး တရားလိုဘက်က အမှုစစ်အရာရှိတစ်ဦးကိုသာ စစ်ဆေးဖို့ ကျန်တော့တယ်လို့ သူက ဆက်လက် ဆိုပါတယ်။
“အုပ်ချုပ်ရေးဆိုက်ဘက်က လူတွေပေါ့။ နှစ်ယောက်က အုပ်ချုပ်ရေးမှူး၊ တစ်ယောက်က နယ်မြေမှူးပေါ့။ သူတို့က ရှာဖွေပုံစံတွေမှာ သူတို့ လက်မှတ်တွေပါတာပေါ့ အဲဒါတွေပေါ့။ သူတို့က အမှုနဲ့ ပတ်သက်ရင်တော့ ဘာမှ မသိဘူးပေါ့။ ခုက စာတွေ၊ CIDဘက်က စာတွေ Reportတွေ ရောက်ရဦးမှာဆိုတော့ အဲဒါတွေ စောင့်ရဦးမယ်။ ရုံးချိန်းလည်း စောင့်ရင်းပေါ့။ အဲဒါတွေ ပြည့်ပြည့်စုံစုံရောက်ပြီဆိုရင် အမှုစစ်အရာရှိကို ပြန်စစ်မှာပေါ့။ အဲဒါပြီးမှ ဆွဲချက်တင် အဲဒီလိုပေါ့”လို့ ဒေါက်တာခလမ်ဆမ်အမှုရဲ့ လက်ရှိအခြေအနေကို ရှေ့နေက ရှင်းပြပါတယ်။
ဆရာကြီးအနေနဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ၁၇(၁)နဲ့ တရားဆွဲဆိုထားပြီတော့ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေမျှတဲ့ အချိန်မှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ဇန်နဝါရီလ (၂၃)ရက်နေ့မှာ နောက်ထပ်တစ်ကြိမ် ရုံးချိန်းရှိပေမယ့် အဲဒီနေ့မှာတော့ အထက်က အမှုနဲ့ ပတ်သက်ပြီး စာတွေရောက်ရှိ/မရှိ စောင့်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာလ(၅)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့ သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် ဆရာကြီးအနေနဲ့ မြစ်ကြီးနား စစ်တပ်စစ်ကြောရေးမှာ (၂၄)ရက် လုံးလုံး ဘယ်သူနဲ့မှ အဆက်အသွယ် မရရှိဘဲ နေခဲ့ရတဲ့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့မှာတော့ အကျဉ်းထောင်ဘက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။