မင်းတပ်မြို့နယ်မှာ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ပစ်သတ်

မင်းတပ်မြို့နယ်မှာ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ပစ်သတ်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဇန်နဝါရီလ ၉ ရက်နေ့က အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၃) အတွင်း လီလောင်း (Li Lawng) ကျေးရွာမှာ ဇန်နဝါရီလ ၉ ရက်ညက စစ်ကြောင်းထိုးပြီး ပြန်လှည့်လာတဲ့ ခလရ ၂၇၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းသေဆုံးခဲ့ပြီး အစ်မဖြစ်သူ နဖူးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ရွာထဲကိုကျော်သွားပြီ ညကြီးမှ ပြန်လှည့်လာပြီးတော့ သူတို့အိမ်နဲ့ လမ်းက နီးနီးလေးဆိုတော့ကားလမ်းကနေ သူတို့ ပစ်လိုက်တာ။ အခု သေသွားတဲ့သူနဲ့ သူ့အစ်မက လက်ဆွဲကိုင်ပြီးတော့ အိမ်ဘေးဖက်ပြေးတော့ သူတို့က သေနတ်နဲ့ ပစ်လိုက်တာ။ မျက်နှာက ဘာမှရစရာမရှိဘူး၊ သူ့မျက်နှာက အကုန်လုံး နှာခေါင်းရော၊ ပါးစပ်လည်း အကုန်လုံး စုတ်ပြတ်သတ်နေတာ၊ ရင်ဘတ်အောက်တည့်တည့်မှာ အရှေ့ကနေ အနောက်ကို ထိုးဝင်သွားတာ သူတို့ပစ်တာ၊သူ့အစ်မကျတော့ နှဖူးမှာ ရှပ်ထိသွားတာ။” လို့ သေဆုံးသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးမှာ မဟာသီလို့သိရပြီး သူမရဲ့ဖခင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ကူလီထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်တဲ့ညမှာ သမီးဖြစ်သူ ပစ်သတ်ခံရတာဖြစ်ပါတယ်။

လီလောင်ကျေးရွာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတာကြောင့်ရွာသားအများစုဟာလည်း ကျေးရွာအတွင်း မနေထိုင်ရဲကြပဲ ထွက်ပြေးလေ့ရှိပါတယ်။ မဟာသီရဲ့ ရုပ်အလောင်းကို သဂြိုလ်တဲ့နေ့မှာလည်း လူမရှိတဲ့အတွက် လူအနည်းငယ်နဲ့သာ သဂြိုလ်ခဲ့ရတာလို့ သိရပါတယ်။

“တကယ်ကိုစိတ်နာတယ်၊တော်တော်လေးကိုဝမ်းနည်းရတယ်၊PDF တွေနဲ့စစ်ဖြစ်ပြီးထိသွားတယ်ဆိုရင်တော့ မတော်တ ဆလို့ပြောရမယ်။အခုကတော့ဘယ်နဲ့မှဘာနဲ့မှဖြစ်တာမျိုးမရှိပဲနဲ့ သွားရင်းနဲ့ တမင်သက်သက်လုပ်တယ်။အမှန်ဆိုရင်သူ တို့က ယောကျာ်းလေးတွေလည်း မဟုတ်ပဲနဲ့ တကယ့်ကလေးငယ်တွေကို တမင်သက်သက်ဒီလိုမျိုးပစ်ကြတယ်ဆိုတော့ ဘာသဘောနဲ့သူတို့မှာလည်း သားသမီးမရှိဘူးလား၊သူတို့ကလူတောင်ဖြစ်သေး ရဲ့လား၊ အဲ့လိုလူမျိုးကို ခွေးနဲ့နှိုင်းကြတယ်။တကယ်ဆိုရင်ခွေးကလူကိုအဲ့လိုမလုပ်ဘူးလေ၊ စိတ်ထဲမှာတော့ ခွေးထက်တောင်မှအသိစိတ်မရှိဘူးလား၊ ခွေးထက် တောင် ဆိုးသလားဆိုပြီးပြောချင်တယ်။” လို့ သေဆုံးသူနှင့် ဆွေမျိုးနီးစပ်သူက ပြောသည်။

လီလောင်း (Li Lawng) သည် မင်းတပ်မြို့နှင့် ၁၀ မိုင်ဝန်းကျင်ခန့်အကွာအဝေးတွင်ရှိသည်ဟုသိရပြီး အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

ကျေးရွာတလျောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီးလူနေအိမ်များကို သေနတ်ဖြင့် ပစ်ဖောက်ခြင်း၊ အိမ်အတွင်းရှိ စောင်၊ ဘီရို၊ ပန်ကန်၊စားနပ်ရိက္ခာများကိုလည်း ခိုးယူလေ့ရှိသွားကြသည်ဟု သိရသည်။

လက်ရှိတွင်လည်း လီလောင်းကျေးရွာမှ ပြည်သူများသည် တောထဲ၊ တောင်ထဲတွင်ညအိပ်ရသည်ဟုသိရပြီး မင်းတပ်မြို့နယ်ဘက်တွင် ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းများပြတ်တောက်နေဆဲဖြစ်သည်ဟု သိရသည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...