မူးယစ်ဆေးသုံးစွဲသူများကို PDF ဟု စွပ်စွဲပြီး စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးသွားသည်ဟု အင်းလေး ဒေသခံပြည်သူများက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကြေးစားကုန်းကျေးရွာတွင် စစ်ကောင်စီတပ်များ နှင့် ၎င်းတို့၏ လက်အောက်ခံ ရဲတပ်ဖွဲ့များက မူးယစ်ဆေးသုံးစွဲသူများကို PDF အမည်တပ်စွပ်စွဲကာ ပစ်ခတ် ဖမ်း ဆီးခဲ့သည်ဟု ရွာခံပြည်သူများက ပြောသည်။
ကြေးစားကုန်းကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “အရင်ကလည်း ငှက်ပျောတောကဆေး သမားတွေ နေရာပဲ။ သုံးနေကြတာပဲ။ အရင်ကလည်း ရဲတွေနဲ့ ဝေစားမျှစား လုပ်နေတာ။ဘုန်းကြီးသတင်းပေး လည်း သူတို့ဖမ်းမှရတာ။ အထက်က ဖိအားပေးလို့ တွေ့ရာလူကို PDF စွပ်စွဲဖမ်းတာအသိသာကြီး” ဟု ပြော သည်။
ကြေးစားကုန်းကျေးရွာ၊ ငှက်ပျောတောတွင် ဇန္နဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က မူးယစ်ဆေးသုံးစွဲနေ သည့် လူငယ် ၁၀ ဦးကို ကြေးစားကုန်း၊ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က ရဲတပ်ဖွဲ့ကို တိုင်ကြား ပြီးသည့် နောက်တွင် စစ်ကောင်စီတပ်သားများ အပါအဝင် ၎င်းတို့ လက်အောက်ခံရဲနှင့် ပျူစောထီးများက “အကြမ်းဖက် PDF” ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရွာခံပြည်သူများက ပြောသည်။
ဖမ်းဆီးခံရသည့် မူးယစ်ဆေးသုံးစွဲသူ လူငယ် ၁၀ ဦးလုံးမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားများသာ ဖြစ်ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဖမ်းဆီးစဉ် ထွက်ပြေးသောကြောင့် စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးသွားသည်ဟု ပြောသည်။
သေဆုံးသူမှာ မင်းချောင်းကျေးရွာနေ အသက် ၂၄ နှစ်အရွယ် စိုင်းသက်နောင်ထွန်း ဆိုသူဖြစ်ပြီး ၎င်း၏ ရုပ် အလောင်းကို မိသားစုဝင်များထံသို့ ပြန်မပေးပဲ စစ်ကောင်စီတပ်က ညောင်ရွှေမြို့ နာရေးကူညီမှု အသင်း၏ ကားဖြင့် သယ်သွားသည်ဟု ဆိုသည်။
ကြေးစားကုန်း ဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သည့် အသက် ၃၅ အရွယ် အမျိုးသမီးတစ်ဦးက “ဖမ်းခံရတဲ့ လူအကုန်လုံးက PDF နဲ့ မပတ်သက်ပါဘူး။ သူတို့က ဆေးသုံးဖို့လောက်ပဲ စိတ်ဝင်စားတာ။ သေသွားတဲ့ တယောက်က မင်းချောင်းကနေ ဒီကို တကူးတကလာပြီး ဆေးလာသုံးတာ နေ့တိုင်းပဲ။ ၂ ချက်ထိတယ်ဆိုတော့ ဘယ်လိုမှ အသက်မမီတော့ဘူး။ သေနတ်သံက ဘေးရွာတွေအထိ ကြားနေရတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးထားသည့် လူငယ် ၉ ဦးအား ညောင်ရွှေမြို့ နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားပြီး အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) ၏ စစ်ကြောရေးစခန်းသို့ ပို့ဆောင်သွားမည်ဟု နီးစပ်သူများက ပြောသည်။
ထိုသို့ ဖမ်းဆီးရာတွင် ပျူစောထီးခေါင်းဆောင် ၂ ဦးဖြစ်သည့် အင်းပေါခုံကျေးရွာနေ ကိုညီညီထွန်း (ခေါ်) ဖိုးသာ ထူးနှင့် မင်းချောင်းကျေးရွာနေ ကိုအောင်စိုးလွင်တို့က လမ်းပြပေးခဲ့ခြင်း ဖြစ်သည်ဟုရွာသားများက ပြောသည်။
ပစ်ခတ်ဖမ်းဆီးပြီးသည့် နောက်ပိုင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်“မင်းချောင်းကြေး ရွာ နှင့် ကြေးစားကုန်းဘက်မှာ ပဒက်တွေ မိုင်းထောင်ဖို့ လာတယ်။ ရွှေဘနဲ့တွေ့တယ်။ မသာပေါ်သွားတယ်” ဟု ရေးသားကာ စိုင်းသက်နောင်ထွန်း ရုပ်အလောင်း၏ ဘေးတွင်လက်ပစ်ဗုံးချ၍ ဓါတ်ပုံရိုက်ပြီး ဝါဒဖြန့်ထားသည်။
အင်းလေးဒေသ အနောက်ဘက် ကားလမ်းမကြီးအား ဇန္နဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်များက ပြန်ဖွင့် ပေးပြီး နောက်ပိုင်းတွင် အစစ်အဆေးများ တင်းကြပ်နေပြီး ဆက်ကြေးအခွန်များလည်း မကြာခဏ ကောက်ခံနေသည်ဟု ဆိုသည်။
ထို့အပြင် ခေါင်တိုင်ကျေးရွာ၊ သန်းထောင်ကျေးရွာတို့တွင် တပ်စွဲထားပြီး ဘုရားနီကျေးရွာဘက်သို့ ညစဉ်ညတိုင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသောကြောင့် ရွာခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေရသည်ဟု ပြောသည်။