ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ခံထားရတဲ့ ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လဟာ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
ဒေါက်တာအမ်ကောန်လကို နေပြည်တော်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုပြီးတဲ့နောက် ၂၀၂၂ ခုနှစ် မတ်လ(၂၃) ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော် ဇမ္ဗူသီရိတရားရုံးကနေ ပြစ်ဒဏ် (၂) နှစ် ချမှတ်ခဲ့ပြီးနောက်မှာလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး သန်းထိုက်အောင်ကနေ တရားလိုလုပ်ပြီး မြစ်ကြီးနားမြို့အမှတ်(၁)ရဲစခန်းမှာ ပုဒ်မ ၅၀၅-က နဲ့ပဲ အမှုထပ်ဖွင့်ထားတာကြောင့် အမှုရင်ဆိုင်ဖို့အတွက် ရမည်းသင်းအကျဉ်းထောင်ကနေ မြစ်ကြီးနား အကျဉ်းထောင်ကို ၂၀၂၂ မေလ(၉)ရက်နေ့က ရောက်ရှိခဲ့ပါတယ်။
မြစ်ကြီးနား အမှတ် ၁ ရဲစခန်းမှာ စွဲဆိုထားတဲ့ အမှု အထမမြာက်တဲ့အတွက် ၂၀၂၂ ဇွန်လ ၂၂ ရက်နေ့မှာ အဲဒီအမှုကနေ တရားသေလွတ်မြောက်ခဲ့ပြီး နေပြည်တော် ဇမ္ဗူသီရိတရားရုံးက ချမှတ်ထားတဲ့ ထောင်ဒဏ် (၂) နှစ်ကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဆက်လက် ကျခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေါက်တာ အမ်ကောန်လဟာ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပြီး KPPF ရဲ့ လုပ်ဆောင်ချက်တွေတွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါက်တာအမ်ကောန်လကို ပုဒ်မ ၅၀၅ - က နဲ့တရားစွဲဆိုထောင်ချခဲ့တာဖြစ်ပါတယ်။