ဖားအံတွင် နိုင်ငံရေးနှင့်သက်ဆိုင်သည့် တက်တူးထိုးထားသူများကို စစ်ကောင်စီက ငွေညှစ်မှုများ ပြုလုပ်

ဖားအံတွင် နိုင်ငံရေးနှင့်သက်ဆိုင်သည့် တက်တူးထိုးထားသူများကို စစ်ကောင်စီက ငွေညှစ်မှုများ ပြုလုပ်

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ကိုယ်ခန္ဓာပေါ်ရှိ နိုင်ငံရေးနှင့်သက်ဆိုင်သည့် တက်တူး (Tattoo) ထိုးထားသူများကို စစ်ကောင်စီက ယခုနောက်ပိုင်းတွင် အဓိကထားစစ် ဆေးပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်လာနေကြောင်း မြို့ခံလူထုများထံမှ သိရသည်။

ဖားအံမြို့အနီးရှိ နောင်လုံ တောင်ကြားလမ်းတွင် ယခင်က ခရီးသွား ပြည်သူများ၏ ဖုန်းနှင့် ဆိုင်ကယ်(Tool Box)များကို စစ်ဆေးမှုများ ပြုလုပ်လေ့သော်လည်း ယခုဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများ၏ ခန္ဓာကိုယ်ပေါ်ရှိ နိုင်ငံရေးနှင့်သက်ဆိုင်သည့် တက်တူး(Tattoo) များကိုပါ အဓိကထား စစ်ဆေးနေပြီး ငွေညှစ်တောင်း ခံမှုများပြုလုပ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူ တစ်ဦးက ယခုလို ပြောသည်။

၎င်းက“နောင်လုံတောင်ကြားမှာက စစ်ဆေးကြမ်းတယ်။ တစ်ကိုယ်လုံးလိုက်နှိုက်တာ၊ ပေါင်ကြား တွေကော၊၊ ယောကျ်ားလေးဆို အင်္ကျီလက်ရှည်ရင်ချွတ်ခိုင်းတယ်။ ပြီးရင် သူတို့လိုက်ကြည့်တယ်။ ဘာကိုကြည့်လည်းဆိုတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လက်သုံးချောင်းပုံတို့၊ အမေစုပုံတို့ ထိုးထားလားဆိုတာကို သူတို့က လိုက်ကြည့်တာ။ လက်တိုဆိုလှန်ကြည့်တယ်။ ဖုန်းလည်းစစ်တယ်၊၊ နိုင်ငံရေးပို့စ်တစ်ခုကိုဖုန်းထဲမှာ ရှယ်ထားရင် အနည်းဆုံးငါးသောင်းပေးရတယ်။ မပေးနိုင်ရင်ရဲစခန်းလိုက်ခဲ့ ဒါပဲပြောတယ်။ အခုထိလည်းစစ် နေတုန်းဘဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ဆေးမှုများ ပြုလုပ်သောကြောင့် ဖားအံမြို့ခံများနှင့် မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ လူငယ်များ အနေဖြင့် ၎င်းလမ်းပိုင်းကို အသုံးမပြုရဲကြတော့သလို အဆိုပါ အစစ်အဆေးများသည် ဖားအံ-နောင်လုံ တောင်ကြား လမ်းတွင်သာမက ဖားအံမြို့တွင်း လူသွားလူလာများသော နေရာများတွင် အချိန်အခါအလိုက် စစ်ဆေးတင်းကြပ်မှုများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ဖားအံမြို့ခံတစ်ဦးက “မြို့ထဲမှာ ဆိုရင်ည ၇ နာရီကနေ ၁၂ နာရီလောက်ထိစစ်တယ် လမ်းဂွမှာ စစ်တယ်။ ပြီးတော့ ဖားအံတက္ကသိုလ်လမ်းကြားမှာလည်း စစ်တယ်။ ကမ်းနားလမ်းမှာကျတော့ ရှောင်တခင်သဘောမျိုးနဲ့စစ်တာ။ နေရာတိုင်းစစ်နေပေမဲ့ ညပိုင်းမှာဆို ဆိုင်ကယ်ပျောက်လိုက်၊ စက်ဘီးပျောက်လိုက် ခဏခဏပဲ။ ပြီးတော့ တစ်ခါမှလည်း မမိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ဆေးမှုများ တစ်လထက်တစ်လ ပိုမိုများပြားလာသော်လည်း မြို့ပေါ် ရပ်ကွက်များတွင် ကား၊ ဆိုင်ကယ်၊ စက်ဘီးခိုးခံရမှုဖြစ်စဉ်များသည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိပြီး ရဲစခန်းတိုင်ကြားသော်လည်း အရေးတယူ ဆောင်ရွတ်ခြင်း မရှိသောကြောင့် ပြည်သူများအနေဖြင့် စိတ်ပျက်ရကြောင်းလည်း ဒေသခံများက ပြောသည်။

Most read this week

January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...