စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် တောင်ကြာအင်းနှင့်လောင်းကိုင်ကျေးရွာမှ နေအိမ် ၆ လုံး ပျက်စီး

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် တောင်ကြာအင်းနှင့်လောင်းကိုင်ကျေးရွာမှ နေအိမ် ၆ လုံး ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆ )နယ်မြေအတွင်းရှိ တောင်ကြာအင်းနှင့် လောင်းကိုင်ကျေးရွာများဘက်သို့ ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် ည ၈နာရီကျော်အချိန်တွင် ကော့ကရိတ် အခြေစိုက် အမှတ် (၁၂) စစ်ကွပ်ကဲရေး ဌာနချုပ်လက်အောက်ခံ လှိုင်ဝအမြှောက်တပ်က (၁၂၀) မမ အမြှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ် ၆ လုံး လက်နက်ကြီး ကျည်ထိမှန်၍ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာအတွင်းရှိ ဒေသခံလူနေအိမ် ၂ လုံး ထိမှန်၍ မီးလောင်ပျက်စီးခဲ့သလို လောင်းကိုင်ကျေးရွာဘက်တွက်လည်း လူနေအိမ် ၄လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း လောင်းကိုင် ကျေးရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ကော့ကရိတ် စကခ ၁၂ လက်အောက်ခံ လှိုင်၀အမြှောက်ကုန်းကနေ ပစ်တာပေါ့နော်။ တောင်ကြာအင်း တံတားထိပ် အထက်တန်းကျောင်းမှာ တပ်စွဲနေတဲ့ စစ်တပ်နဲ့တံတားလုံခြုံရေးစစ်တဲ့ BGF စစ်ကတုတ်ကနေလည်း မော်တာစိန်ပြောင်းတွေနဲ့ပစ်တယ်။ အိမ် ၂လုံး မီးလောင်ပြာကျတယ်။ လောင်းကိုင်ရွာဘက်လည်း အိမ် ၄လုံး လောက်လည်း လက်နက်ကြီးထိပြီး ပျက်စီးကုန်တယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်းသို့ မဝင်ရောက်ရဲသေးသောကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးသော်လည်း ကျေးရွာအတွင်းရှိ ဒေသခံများမှာ စစ်ဘေးရှောင်နေကြသောကြောင့် လူထိခိုက်မှုမရှိကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ယခု ဒီဇင်ဘာလဆန်းရက်များမှစတင်၍ နေ့စဉ် နီးပါး ကော့ကရိတ်မြို့နယ်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ညအချိန် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသည့်အတွက် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှု နှင့် မီးလောင် ဆုံးရှုံးမှုများ ပိုအဖြစ်များလာကြောင်းလည်း ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းများမှ မောင်းမ၊ ရွာသစ်ကျေးရွာများဘက်မှ ၎င်းတောင်ကြာအင်း၊ လောင်းကိုင်၊ ၀င်းကကျေးရွာများဘက်သို့ လှည့်လည်၍ တိုက်ကင်းပတ် သွားလာလှုပ်ရှားနေသည့်အတွက်လည်း ဒေသခံကျေးရွာသားများအနေဖြင့် ခူနီ၊ ဖားကျ၊ သမိန်ဒွတ်လမ်းများမှတစ်ဆင့် ကမ်းမရိုက်ကျေးရွာ၊ ကျုံဒိုး၊ ငါးတိုင်၊ ကိုးတိုင်၊ ဝိဇ္ဇာကုန်းစသည့်ကျေးရွာများဘက်သို့ စစ်ဘေးရှောင် နေထိုင်နေကြရကြောင်း ကိုယ်တိုင် စစ်ရှောင်နေရသူများက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဘက်မှ တိုက်ကင်းများ လှည့်လည်ခြင်းအပြင် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များကလည်း ညပိုင်း သောက်စားမူးယစ်ပြီးနောက် ကျေးရွာများဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး ယင်းသို့ပစ်ခတ်မှုကြောင့်လည်း စစ်ကောင်စီ အမြှောက်ကုန်းဘက်မှ ထပ်မံပစ်ခတ်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံများ ကောင်းကောင်းမွန်မွန် မအိပ်စက်နိုင်ဘဲ လုပ်ကိုင် စားသောက်ခြင်းမပြုနိုင်ကြောင်းလည်း တောင်ကြာအင်း စစ်ရှောင်တစ်ဦးက ပြောသည်။

၎င်းက “ညဘက်ဆို စစ်တပ်ဂိတ် BGF ဂိတ်တွေက သောက်စားမူးယစ်ပြီးဆိုရင် သေနတ်ဖောက်တယ်။ ရွာဘက်တွေလက်နက်ကြီး ပစ်ထုတ်တယ်။ အဲ့လိုလုပ်ပြီးဆိုရင် စကခ ၁၂ တို့ ကော့ကရိတ် ၉၇ တပ်တို့ဘက်ကနေ ကော့ကရိတ်တောင်ပိုင်း ရွာတွေဘက် ၁၂၀ မမ အမြှောက်လက်နက်ကြီးတွေ ပစ်ထုတ်ပြီးပဲ။ ညဆို ကျင်းပုန်းထဲ ၀င်အိပ်၊ ဘုန်းကြီး ကျောင်းအောက်ဘက်တွေသွားရှောင်အိပ်ကြရတယ်။ အလုပ်မလုပ်ရ။ ခြံထွက်တွေရောင်းမရ၀ယ်မရဆိုတော့ စားသောက်စရာလည်း ပြတ်လပ်နေကြပြီး” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ကော့ကရိတ် တောင်ပိုင်း ကျေးရွာဒေသများမှာ စစ်ကောင်စီတပ်များနှင့် စတင်ဖြစ်ပွားနေသည့် တိုက်ပွဲကာလ တစ်နှစ်နီးပါးရှိလာနေသည့်အချိန်အထိ ဒေသခံ ကျေးရွာပေါင်း ၃၀ ခန့်မှ စစ်ဘေးရှောင်နေကြရသူ (၇,၀၀၀)ဝန်းကျင် ရှိနေကြောင်း နှင့် ဒေသခံတချို့မှာ ၎င်းတို့ကျေးရွာနေအိမ်များသို့ နေ့ဘက်ပြန်နေထိုင် ကြပြီး ညဘက်တွင်မူ ဘေးလွတ်နိုင်သည့် နေရာများသို့ ရှောင်တိမ်းနေကြရခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ယခုလို တိမ်းရှောင်နေကြရခြင်းကြောင့် စစ်ရှောင်တချို့မှာ ကျန်းမာရေးစောင့်ရှောက်မှု နှင့် နေထိုင် စားသောက်ရေး အကူအညီရရှိမှုနည်းပါးနေသည့်အတွက် အခက်အခဲ ကြုံတွေ့ နေကြရကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးနေသူများ၏ ပြောဆိုမှုအရ သိရသည်။

Most read this week

January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...