အလုပ်ပြုတ်သည့် အလုပ်သမား ၁၀၀၀ ကျော် နစ်နာကြေးမရ

အလုပ်ပြုတ်သည့် အလုပ်သမား ၁၀၀၀ ကျော် နစ်နာကြေးမရ

ရုတ်တရက် ပိတ်လိုက်သည့် ပုသိမ်မြို့က Myanmar All Rich အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်မှာ နစ်နာကြေး နှင့် ဖူလုံရေး ထောက်ပံ့ကြေးများ မရသေးသဖြင့် အခက်အခဲများ ဖြစ်နေကြသည်။

ပုသိမ်မြို့၊ အမှတ် (၁၁) ရပ်ကွက်၊ တဲကြီးကုန်းရပ် ကားလမ်းဘေးတွင် ရှိသည့် အဆိုပါစက်ရုံမှာ အပ်ထည် အော် ဒါ မရတော့သဖြင့် ပိတ်သိမ်းလိုက်သည်မှာ ၁၀ ရက်ကျော်ရှိပြီ ဖြစ်သော်လည်း စက်ရုံဘက်က ပေးရမည့် နို့တစ် ကြေး နစ်နာကြေးများကို မရသေးဘူးဟု အလုပ်သမားများက ပြောသည်။

အလုပ်သမား တစ်ဦးက “အလုပ်သမား နစ်နာကြေး ရပိုင်ခွင့် နဲ့ နို့တစ်ကြေးတွေ လူမှုဖူလုံရေး ထောက်ပံ့ငွေ တွေ ပေးဖို့ အလုပ်ရှင်ဘက်က ငြင်းဆန်နေတာကြောင့် သက်ဆိုင်ရာ အလုပ်သမား ဌာနတွေကို တိုင်ကြားထား တယ်။ ဒါပေမယ့် အခုထိ အရေးယူ ဆောင်ရွက်ပေးတာ မရှိသေးဘူး”ဟုပြောသည်။

အဆိုပါ စက်ရုံမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က ရုတ်တရက် ပိတ်သိမ်း လိုက်ခြင်း ဖြစ်ပြီးစက်ရုံဘက်က ပေးရမည့် နစ်နာကြေးအပြင် စစ်ကောင်စီ၏ အလုပ်သမား ရေးရာဝန်ကြီးဌာနဆောင်ရွက်ပေးရမည့် လူမှုဖူလုံ ရေး ထောက်ပံ့ကြေးများ မရရှိ သေးခြင်း ဖြစ်သည်ဟု အလုပ်သမားအချို့က ပြောသည်။

မည်သို့ပင်ဖြစ်စေ အလုပ်ရုံ၊ စက်ရုံများ ပိတ်သိမ်းပါက စက်ရုံနှင့် အလုပ်သမား ဝန်ကြီးဌာနကအလုပ်သမား များကို နို့တစ်ကြေး၊ နစ်နာကြေး၊ လူမှုဖူလုံရေးကြေး တို့ကို အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေ အရ ပေးရသည်ဟု အလုပ်သမားရေးရာ ကျွမ်းကျင်သူတစ်ဦး က ပြောသည်။

အဆောင်ကြေး၊ ဖယ်ရီကြေး၊ စားကြွေး၊ သောက်ကြွေး ပေးရန်တို့အပြင် အရစ်ကျ ပေးသွင်းရသည့်စနစ်ဖြင့် ဝယ်ယူထားသည့် မိုဘိုင်းဖုန်း နှင့် ဆိုင်ကယ် စက်ဘီးစသည့် ပစ္စည်းများအတွက် လစဉ်ပေးသွင်းရန် အခက်အခဲ များ ဖြစ်နေရသည်ဟု ထိုစက်ရုံက အလုပ်သမား အချို့၏ပြောပြချက်အရ သိရသည်။

“အလုပ်တစ်ခုခု အမြန်ဆုံး လိုချင်တာပဲ ခေါင်းထဲမှာ ရှိတယ်။ အလုပ်မရှိတဲ့ ကြားကာလမှာ စားရေးနေရေး ကိစ္စ ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ကနေ ပေးရမယ့် နို့တစ်ကြေး နစ်နာကြေး လူမှုဖူလုံရေးကြေးတို့ကိုစာနာစိတ် လေးထားပြီး အမြန်ဆုံး ပေးစေချင်ပါတယ်” ဟု စက်ရုံအလုပ်သမား တစ်ဦး က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ကင်မလင်းကျွန်း စက်မှုဇုန်က လုပ်သား ၈၀၀ ကျော်ရှိသည့်Chai Moon Sport အထည်ချုပ် စက်ရုံ ပိတ်သိမ်းခဲ့ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အလုပ်သမားများကို နစ်နာ ကြေးနှင့် နို့တစ်ကြေးများ ထုတ်ပေးခဲ့သည်ဟု Chai Moon Sport အထည်ချုပ် လုပ်သား များက ပြောသည်။

ပုသိမ်မြို့တွင် နိုဝင်ဘာလဆန်းပိုင်းက အပ်ထည်အော်ဒါ မရသဖြင့် Chai Moon Sport အထည်ချုပ် စက်ရုံပိတ် သိမ်းခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အပ်ထည်အော်ဒါ မရသဖြင့် Myanmar All Richအထည်ချုပ် စက် ရုံ ထပ်မံ ပိတ်သိမ်းလိုက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် Chai Moon Sport အထည်ချုပ်စက်ရုံက အလုပ်သမား ၈၀၀ ကျော်နှင့် Myanmar All Richအထည် ချုပ် စက်ရုံက အလုပ်သမား ၁၀၀၀ ကျော် အလုပ်လက်မဲ့ ထပ်ဖြစ်ရသည်ဟုအလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူများ ကွန်ရက်၏ စာရင်းများအရ သိရသသည်။

အော်ဒါမရသဖြင့် တစ်လ အတွင်း ပိတ်သိမ်းလိုက်သည့် ယင်း အထည်ချုပ် စက်ရုံနှစ်ခုမှ အလုပ်လက်မဲ့ ဖြစ်သွား သည့် အလုပ်သမားများမှာ ပုသိမ်မြို့ အနီးဝန်းကျင်နှင့် သာပေါင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာ များက လာရောက် လုပ်ကိုင်ကြသူများဖြစ်ပြီး ၎င်းတို့ကို ကြိုတင်အကြောင်း ကြားခြင်းမရှိဘဲ ရုတ်တရက် စက် ရုံပိတ်လိုက်ခြင်း ဖြစ်သည်။

ယခု ပိတ်သိမ်းလိုက်ရသည့် Myanmar All Rich အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားတစ်ဦးပိုင်ဆိုင်သည့် အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်း စက်မှုဇုန်ရှိ ဟွာပိုတိုင်း အထည်ချုပ်စက်ရုံ၏စက်ရုံခွဲတစ်ခု ဖြစ်ကာ ချုပ်လုပ်ပြီး အထည်များကို တောင်ကိုရီးယားနိုင်ငံ နှင့် အနောက်ဥရောပ နိုင်ငံအချို့ကို တင်ပို့ရောင်းချသည်ဟု အလုပ်သမားရေးရာရုံးထံမှ စုံစမ်းသိရှိရသည်။

January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...
January 7, 2025
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ...