ရက်စက်စွာအသတ်ခံခဲ့ရသော ဆင်အင်းကြီးကျေးရွာသား ၉ ဦးအတွက် အမျှဝေ ကုသိုလ်ပြု

ရက်စက်စွာအသတ်ခံခဲ့ရသော ဆင်အင်းကြီးကျေးရွာသား ၉ ဦးအတွက် အမျှဝေ ကုသိုလ်ပြု
Photo Crd - ကျောက်ချိုင်
Photo Crd - ကျောက်ချိုင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က အသတ်ခံခဲ့ရသော ဒေသခံ ၉ ဦးအတွက် ရည်စူးကာ ဒီဇင်ဘာလ ၄ ရက်တွင် ကျေးရွာသားများက ရေစက်ချအမျှဝေပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်အင်းကြီးကျေးရွာတွင် သံဃာတော်အပါး ၂၀ ကျော်ပင့်ဖိတ်ကာ ပရိတ်တရားနာကြားခဲ့ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် ကျေးရွာသား ၂၀၀ ကျော်ခန့် ပါဝင်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“အနီးအနား ကျေးရွာတွေကနေပင့်ပြီး သံဃာ ၂၆ ပါးနဲ့ ရွာခံတွေရယ်၊ ပြီးတော့ ပရဟိတအဖွဲ့အစည်းတွေနဲ့ အခြားဧည့်သည်တွေပါ လာရောက်ကြတယ်”ဟု အဆိုပါဒေသခံက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ(၅၅၀)တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ဆင်အင်းကြီးကျေးရွာမှ သက်ကြီးပိုင်းအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦးထက်မနည်းကို ပစ်သတ်ခဲ့သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပစ်သတ်ခံရမှုကြောင့် ဆင်အင်းကြီးကျေးရွာမှ မောင်မောင်သိန်း(၄၁ နှစ်)၊ မောင်စံလှ(၃၈ နှစ်)၊ ဦးခင်မောင်(၅၅ နှစ်)၊ ဦးဇံ(၆၅ နှစ်)၊ မောင်ကျော်သိန်း(၆၅ နှစ်)၊ ဒေါ်မေနု(၅၀ နှစ်)၊ ဒေါ်မခင်သိန်းမိခင်(၉၂ နှစ်)၊ ရသေ့တောင်မြို့နယ်မှ ဆေးဆရာတစ်ဦး (၆၀ နှစ်)၊ ဦးမှဲ့နီ(၅၆ နှစ်)တို့မှာ သေဆုံးခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ကဘက်က ယနေ့အချိန်ထိ တစ်စုံတစ်ရာတုန့်ပြန်ခြင်းများ မရှိ‌သေးပေ။

သေဆုံးသွားသည့် ဦးမောင်မောင်သိန်း(၄၁)နှစ်၏ သားဖြစ်သူက ဖခင်လည်း အသက်ဆုံးရှုံးသွားရသည့်အပြင် နေအိမ်လည်း မီးလောင်ပျက်စီးသွားသောကြောင့် အလွန်ဝမ်းနည်းရကြောင်းပြောသည်။

“ကျနော်တို့လည်း အသက်ငယ်,ငယ်လေး ရှိသေးတယ်။ အဖေမရှိတော့ လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားသလိုမျိုးပါ”ဟု ၎င်းကဆိုသည်။

ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “သေဆုံးသွားတဲ့ ပြည်သူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ULA/AA အနေနဲ့ ဒီနေရာကနေ ထပ်ဆင့်ပြောကြားလိုပါတယ်”ဟု နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လေးလခန့်ကြာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အလွတ်သဘောတူညီချက်နှင့် နှစ်ဖက်အပစ်ရပ်တန့်ခဲ့သည်။

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၁ ဦးအထိရှိခဲ့ကြောင်း ULA/AA ပြန်ကြားရေးတာဝန်ခံက ပြောကြားထားသည်။

Most read this week

ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုမြို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့။
January 9, 2025
ရွှေတြိဂံနယ်မြေ ကာစီနိုမြို့ဟု လူသိများသည့် လာအိုနယ်စပ်တွင် မြန်မာအလုပ်သမား အများအပြား...
ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် ဆိုရှယ်မီဒီယာများ အသုံးပြု၍ မရပုံအား တွေ့ရစဉ်။
January 8, 2025
မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားမှု လျော့ပါးစေရေးအတွက်...
မောင်တော်မြို့လယ်လမ်းဆုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
January 8, 2025
ရခိုင်ပြည်၊ နယ်စပ်မြို့ မောင်တောမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မြို့ခံများအား...
ကျောက်ပန္ဒူ - စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကတွေ့ရစဉ်။
January 7, 2025
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊...