ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း ဒေသရှိ စစ်ရှောင်စခန်းများတွင် ရေရှားပါးမှု ပြဿနာ များနှင့် ကြုံတွေ့နေရ၍ အကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်ဘေးရှောင်များကို ကူညီနေသည့် အဖွဲ့ အစည်းများက ပြောသည်။
ကယန်းဒေသတွင် အောက်တိုဘာလအကုန်မှ စတင်ပြီး မိုးရွာသွန်းမှု ရပ်ဆိုင်းသွားသောကြောင့် ပီကင်းဇုံ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်များအနေဖြင့် သောက်ရေ၊ သုံးရေများ အရေးပေါ် လိုအပ်လာသည် ဟု ကရင်နီ စစ်ဘေးရှောင်ကူညီသည့်အဖွဲ့ တစ်ခုဖြစ်သည့် Karenni Support Team - KNST (ဖယ်ခုံဇုံ) မှ တာဝန်ရှိသူ များက ပြောသည်။
KNST (ဖယ်ခုံဇုံ) မှ တာဝန်ရှိသူ တစ်ဦးက “ကယန်းဒေသတွေမှာက ရေရှားတယ်။ ရေထွက်ပေါက်လည်း ရှား တယ်။ ရေတွင်း၊ အဝီစိတွင်းတွေလည်း တူးလို့ မရဘူးပေါ့။ အခက်အခဲဆုံးက ပီကင်းဇုံပေါ့။ ရေကန်တွေက တစ်ကန် နှစ်ကန်ပဲ ရှိတာ” ဟု ပြောသည်။
နိုဝင်ဘာလအတွင်း မိုးရွာသွန်းမှု မရှိတော့သည်နှင့် အညီ ရေရှားပါး လာသည်ဖြစ်ရာ တစ်လနီးပါးကာလအတွင်း ပီကင်းဇုံ စစ်ဘေးရှောင် စခန်းများတွင် ရေလုံးဝပြတ်လပ်သွားသောကြောင့် စစ်ဘေးရှောင်ကူညီသည့် အဖွဲ့များ မှာ ကားများဖြင့်ရေသယ်ကာ ကန်ထဲသို့ လိုက်ဖြည့်ပေးနေရသည်ဟု ပြောသည်။
ပီကင်းဇုံ ဆိုသည်မှာ ပီကင်း ကျေးရွာ အနီးအနားက ဒေသများဖြစ်သည်။
“တချို့ လူများတဲ့ Camp တွေမှာတော့ အခုမိုးကုန်တာ မိုးမရွာတာ တစ်လရှိပြီပေါ့။
အဲ့ဒီတစ်လအတွင်းမှာ သူ တို့သိုလှောင်ထားတဲ့ ရေတွေကုန်သွားတဲ့အတွက် ရေကို ပြန်ဖြည့်ပေးနေရတယ်။ ကားတွေနဲ့ ရေသယ်ရ တယ်။ နောက်တစ်ယူနစ်ကို ရေပေပါ လေးပေပါရတယ်။ တစ်ယူနစ်ကို ၂၅၀၀ နှုန်းနဲ့ ဝယ်ရတယ်။ သက်ဆိုင်ရာ ရွာခံ တွေရှိတယ် အဲ့ဒီရွာခံတွေဆီကနေ တဆင့်ပြန်ဝယ်ရတာပါ။ အဲ့လိုမျိုးရေကန်တွေနဲ့ ဝေးတဲ့နေရာတွေကျတော့ ကားတွေနဲ့ ပြန်သယ်ရတယ်” ဟု KNST (ဖယ်ခုံဇုံ) မှ တာဝန်ရှိသူက ဆက်ပြောသည်။
သို့ဖြစ်၍ စစ်ဘေးရှောင်များအား ကူညီနေသည့် အဖွဲ့အစည်းများအနေဖြင့် ဓါတ်ဆီဖိုးနှင့် ရေပိုက် ကူညီမည့်သူ များ လိုအပ်နေခြင်း ဖြစ်သည်။ ထို့အပြင် ရေကန်နှင့် ရေသိုလှောင်ကန်ကြီးများရှိသော ကျေးရွာအချို့မှ စစ်ဘေး ရှောင်စခန်းများမှာ ပိုက်များဖြင့်သွယ်ကာ ရွာခံများထံမှ တစ်ယူနစ် (၄ ပေပါ)
လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် ဝယ်သုံး နေရသောကြောင့် ငွေကြေးအလှူရှင်များလည်း လိုအပ်နေသည်ဟု ဆိုသည်။
KNST (ဖယ်ခုံဇုံ) မှ တာဝန်ရှိသူ က “အခု Camp မှာ ရေက အရေးပေါ် လိုအပ်နေတာ ဖြစ်တဲ့အတွက် ကျမတို့ ဆီမှာရှိတဲ့ အလှူငွေလေးတွေနဲ့ပဲ အဆင်ပြေအောင် ကူညီပေးထားတာပေါ့။ ရေအလှူရှင်ဆိုပြီး သီးသန့်တော့ မရှိ သေးပါဘူး။ ကလေးမုန့်ဖိုးတို့ ကလေးထမင်းဟင်း လှူပေးတာတို့ အဲဒီထဲ ပိုတဲ့ငွေတွေကို စုစုပြီးတော့ ရေအတွက် သုံးပေးနေရတယ်” ဟု ဆက်ပြောသည်။
ပီကင်းဇုံ စစ်ဘေးရှောင်စခန်းများ တည်ဆောက်ရာတွင် ရေကန်ကို အရင်ဆုံး တည်ဆောက်လေ့ရှိပြီး ပထမဆုံး ဖြည့်မည့်ရေကို အလှူရှင်များ၏ မတည်ငွေဖြင့်သာ ဝယ်ယူရသည်ဟု ဆိုသည်။
ထို့နောက် ရေကုန်သွားသည့် အချိန်တွင် စစ်ဘေးရှောင် အိမ်ထောင်စုများမှ တစ်ယူနစ်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် ဝယ်ယူကြပြီး စစ်ဘေးရှောင်များအား ကူညီနေသည့် အဖွဲ့အစည်းများ၏ အကူအညီဖြင့် ရေကန်များထဲသို့ ရေ ဖြည့်ရန် ကားများဖြင့် လိုက်လံဖြည့်ပေးရခြင်း ဖြစ်သည်။
ယခင် စစ်တပ်က အာဏာမသိမ်းခင် ကာလများတွင်လည်း ရေရှားမှုပြဿနာများ ရှိခဲ့သော်လည်း စစ်ဘေး ရှောင်များ မရှိသောကြောင့် ရွာခံများအနေဖြင့် မိမိတို့ တစ်ပိုင်တစ်နိုင်စာ ပြုလုပ်ထားသော အိမ်တွင်း ရေသို လှောင်ကန်ဖြင့်သာ လုံလောက်မှုရှိခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစတင်၍ ရွာခံများအနေဖြင့် ၎င်းတို့ သိုလှောင်ထား သည့် ရေများကို စစ်ဘေးရှောင်များနှင့် ဝေမျှသုံးစွဲနေရပြီး ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲတွင် စစ်ဘေးရှောင်ဦး ရေ ပိုများလာသောကြောင့် ရေ ဝေမျှသုံးစွဲရန် ပိုမိုခက်ခဲလာခြင်း ဖြစ်သည်။
ပီကင်းဇုံဒေသတွင် စစ်ရှောင်စခန်း ၅ ခု ရှိပြီး ရွာတိုင်းနီးပါးတွင် စစ်ဘေးရှောင်များ ရှိနေသည်။ အချို့ စစ်ဘေး ရှောင်များသည် ရွာထဲရှိ ၎င်းတို့နီးစပ်ရာဆွေမျိုးများထံတွင် နေထိုင်ကြပြီး အနောက်ကယန်းဒေသတွင် စစ်ဘေး ရှောင်ဦးရေ စုစုပေါင်း ၁၀,၀၀၀ ကျော်ခန့်ရှိနိုင်သည်ဟု KNST (ဖယ်ခုံဇုံ) မှ တာဝန်ရှိသူများက ပြောသည်။