ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် စစ်ကောင်စီနှင့်အပစ်ရပ်စဲခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂျပန်က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျနော်တို့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်”ဟု ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁ဝ နာရီတွင်ပြုလုပ်သည့် ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အပစ်ရပ်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ပြောဆိုသွားခြင်းဖြစ်သည်။
ရခိုင်တွင် စစ်တပ်နှင့် AA တို့ တကျော့ပြန်ပြင်းထန်နေသည့်တိုက်ပွဲများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ နှစ်ဘက်နားလည်မှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော အပစ်ရပ်စဲလိုက်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
မစ္စတာဆာဆာကာဝါသည် စစ်တပ်နှင့် AA တို့ အပစ်ရပ်စဲရန် ယခင် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ်တို့တွင်လည်း ကြားဝင်စေ့စပ်ညှိနှိုင်းခဲ့သည့်အတွက် အပစ်ရပ်စဲနိုင်ခဲ့ကြသည်ဟု သိရသည်။
ယခုတစ်ကြိမ်အပစ်ရပ်စဲခြင်းမှာ နိုင်ငံကြီးတစ်နိုင်ငံ၏ အထူးသဖြင့် တရုတ်၏ ဖိအားကြောင့် ရပ်စဲခြင်းဖြစ်သည်ဟု ဝေဖန် ပြောဆိုနေကြခြင်းမှာလည်း မဟုတ်မှန်ဘဲ မည်သည့်နိုင်ငံ၏ ဖိအားကြောင့်မျှ ယခုကဲ့သို့ အပစ်ရပ်ခြင်းမျိုးမဟုတ်ဟု ဆက်ပြောသည်။
“ဒါကတော့ လုံးဝမဟုတ်ဘူး။ ကျနော်တို့နေပြီးတော့ ဒီကိစ္စကို ပြည်သူလူထုတွေရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို သက်သာခွင့်ရစေဖို့အတွက်၊ ပြည်သူကို ရှေးရှူပြီးတော့ ဒီကိစ္စကို ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ပြောသည်။
မည်သည့်အချိန်အထိ ယခုကဲ့သို့ အပစ်ရပ်စဲထားကြမည်ဆိုသည်ကို နှစ်ဘက်စလုံးက တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးခြင်း မရှိသေးသဖြင့် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည်ဟု ရခိုင်စစ်ရေးနိုင်ငံရေး လေ့လာသူများက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အေအေပြောခွင့်ရသူ ခိုင်သုခက ယခု အပစ်ရပ်စဲထားခြင်းမှာ နားလည်မှုဖြင့် အလွတ်သဘော ရပ်တန့်ထားခြင်း ဖြစ်၍ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သည်ဟုလည်း ပြောကြားသည်။
"ကြိုပြောလို့တော့မရပါဘူး။ စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးထားတာလည်း မဟုတ်ဘူး။ ကျနော်တို့ဟာ နှစ်ဘက်အလွတ်သဘောတူထားတာပဲ ဖြစ်တဲ့အတွက် တစ်ဘက်ဘက်က တစ်ခုခုလုပ်လာလို့ရှိရင် အချိန်မရွေးတိုက်ပွဲတွေလည်း ပြန်ဖြစ်လာနိုင်ပါတယ်။ ဖြစ်မဖြစ်ကတော့ ရှေ့မှာဖြစ်လာမယ့်အခြေအနေအပေါ်ပဲ မူတည်တယ်လို့ ကျနော့ အနေနဲ့ပြောချင်ပါတယ်"ဟု ပြောဆိုခဲ့သည်။၎င်းပြင် ရခိုင်မှာ ယခုနှစ် သြဂုတ်လမှစကာ တကျော့ပြန်စစ်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး (၄) လအကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီက လူထုကို ဦးတည်တိုက်ခိုက်မှုများကြောင့် စက်တင်ဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ အပြစ်မဲ့ပြည်သူ (၂၆)ဦးသေဆုံးပြီး (၁၁၁)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဦးခိုင်သုခက ပြောသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလ ၂ လအတွင်း ယနေ့အထိ ဖမ်းဆီးခံခဲ့ရသည့် အပြစ်မဲ့ ရခိုင်ပြည်သူပေါင်း ၃၂၄ ဦးရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူများအနက် ၈၅ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ၂၃၉ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပြီး နောက်ထပ်လည်း ဆက်လက်ဖမ်းဆီးမှုများ ရှိနေဆဲဖြစ်သည်ဟု ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။