အပစ်ရပ်သည်မှာ ၃ ရက်ရှိသွားပြီဖြစ်သော်လည်း စစ်ကောင်စီသည် စစ်တပ်အတွက်အရေးပါသော လမ်းကြောင်းမှအပ ရခိုင်မှ ရေလမ်း/ကုန်းလမ်းအများစုကို ဆက်လက်ပိတ်ထားဆဲ

အပစ်ရပ်သည်မှာ ၃ ရက်ရှိသွားပြီဖြစ်သော်လည်း စစ်ကောင်စီသည် စစ်တပ်အတွက်အရေးပါသော လမ်းကြောင်းမှအပ ရခိုင်မှ ရေလမ်း/ကုန်းလမ်းအများစုကို ဆက်လက်ပိတ်ထားဆဲ

ရက္ခိုင့်တပ်တော် ( AA) နှင့် မြန်မာစစ်ကောင်စီတို့အကြား အလွတ်သဘော အပစ်အခတ် ရပ်စဲလိုက်သည်မှာ ၃ ရက်ခန့်ရှိသွားပြီဖြစ်သော်လည်း  စစ်ကောင်စီသည် စစ်တပ်အတွက် အရေးပါသော လမ်းကြောင်းများမှ အပ ရခိုင်ပြည်သူများ အသုံးပြုနေသည့်  ကျန် ရေလမ်း/ကုန်းလမ်းအများအပြ ပြန်ဖွင့်ပေးခြင်းမရှိဘဲ ဆက်လက်ပိတ်ပင်ထားသည်ဟု သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာ (၂၈) ရက်နေ့တွင် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ကို ပြေးဆွဲနေသည့် မေယုမြစ် ရေလမ်းကြောင်းနှင့် အငူမော်-မောင်တော ကားလမ်းမှာ ပြန်လည်သွားလာခွင်ရပြီဖြစ်သော်လည်း ပိတ်ထားသည့် တခြားရေလမ်း နှင့် ကုန်းလမ်းများအား ပြန်ဖွင့်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

စစ်တွေ-ဘူးသီးတောင် မေယုမြစ် ရေလမ်းကြောင်းကို ယနေ့ ဖွင့်လှစ်ပေးခဲ့ခြင်းမှာ ပြည်သူများအကျိုးထက် စစ်ကောင်စီတပ်၏ အကျိုးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ဝေဖန် ထောက်ပြပြောဆိုသည်။

“ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေအကြား ဆက်သွယ်ရေးလမ်းတွေပိတ်ထားတော့ ပြည်သူတွေ ထိခိုက်နစ်နာသလို စစ်တပ်က ပိုပြီးထိခိုက်နစ်တယ်။ သူတို့လည်း သွားလာလို့မရဘူး။ အဆက်အသွယ် ပြတ်တောက်တော့ ရိက္ခာတွေရရှိဖို့ခက်ခဲလာတယ်။ သူတို့လည်း အဆက်အသွယ်တွေ ပြတ်တောက်သွားတယ်။ ဒီလမ်းကိုသူတို့က ဦးစားပေးဖွင့်လှစ်ပေးတာက ပြည်သူတွေ အကျိုးထက် သူတို့အကျိုးကို ရည်ရွယ်ပြီးဖွင့်ပေးတာ။ ပြည်သူကတော့ ကျွဲကူးရေပါ သဘောမျိုးပါ” ဟု ပြောဆိုသည်။

ယနေ့ နံနက်ထိ  ပြည်သူများ အဓိက သွားလာနေသည့် စစ်တွေမြို့ အဝင်အထွက်ဂိတ်ကို ပိတ်ထားပြီး ၎င်းဂိတ်သည် ရန်ကုန်အပါအဝင် နယ်မြို့များကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိသဖြင့် အသွားအလာများ ယနေ့နံနက်ထိ ရပ်တန့်နေဆဲဖြစ်ကြောင်း ၎င်းကားသမားက ပြောသည်။

"အပစ်အခတ် ရပ်စဲလိုက်တဲ့အခါကျတော့ ပိတ်ထားတဲ့လမ်းတွေလည်း ပြန်ဖွင့်တော့မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့လေ။ ကားပြန်ဆွဲဖို့အတွက် ဝမ်းသာအားရနဲ့ အားယူတာပေါ့။ ဒါပေမယ့် ဒီမနက်က တပ်ထိန်းဂိတ်ကို သွားမေးတဲ့အခါကျတော့ လမ်းပြန် မဖွင့်သေးဘူးလို့ပဲ ပြောပါတယ်။ ဘယ်တော့ ပြန်ဖွင့်မလဲလည်း မသိခဲ့ရပါဘူး"ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်၊ ရသေ့တောင်-ပုဏ္ဏားကျွန်း- စစ်တွေ၊ မင်းပြား-မြေပုံ ကုန်းလမ်းပိုင်း နှင့် တခြား ရခိုင်မြောက်ပိုင်းမှ ရေလမ်းများအားဆက်လက် ပိတ်ဆို့ခံနေရဆဲဖြစ်ပြီး  စစ်ဆေးရေးဂိတ်များတွင်လည်း ယခင်အတိုင်း စစ်ဆေးမှုများတင်းကျပ်ဆဲဖြစ်ကာ သွားလာခွင့်များ ကန့်သတ်ထားဆဲဟု သိရသည်။

စစ်ရေးအကြောင်းပြကာ ပိတ်ထားသည့် ကုန်းလမ်း၊ ရေလမ်းများကို လက်ရှိ အပစ်အခတ်ရပ်စဲလိုက်ပြီဖြစ်သဖြင့် ပြန်ဖွင့်ပေးသင့်ပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

"ကျနော်တို့အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲလိုက်တဲ့အတွက် စစ်ရေးကြောင့်ပိတ်ထားခံရတဲ့ ဒီလမ်းတွေဟာ ပုံမှန်ပြန်ဖွင့်ပေးသင့်ပြီလို့ ထင်တယ်။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အကုန်လုံး ပြည်သူတွေမှာ ထိခိုက်ပါတယ်။ အခုလိုပိတ်ထားတဲ့အခါကျတော့ ကုန်စျေးတွေလည်း တအားတက်ပြီး မဖြစ်မနေသွားလာဖို့လိုတဲ့အခါမှာလည်း နီးတဲ့ ခရီးကိုတောင် ကွေ့ပတ်ပြီး ပင်ပန်းဒုက္ခရောက်ပြီး အဝေးကြီးသွားရတယ်။ ဆေးရုံဆေးခန်းပုံမှန်သွားရတဲ့လူတွေအတွက်ဆို ပိုဆိုးပြီပေါ့"ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းများကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစကာ ဆက်တိုက် တစ်မြို့ပြီးတစ်မြို့ သွားလာခွင့်များပိတ်ထားခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ကစကာ ရခိုင်မြောက်ပိုင်းဒေသတွင်း ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများ နှင့် အရပ်သားစက်လှေများ သွားလာခွင့်များကိုပါ ပိတ်ပင်လိုက်ပြီး စက်လှေများကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...