ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၆၀၀ နီးပါးခန့် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲမှာ သီပေါမြို့နယ်အတွင်းရှိ ကုန်းသာကျေးရွာအုပ်စု ကုန်းသာကျေးရွာအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲ ကျင်းပနေသည့် နေရာသို့ စစ်ကြောင်းထိုး လာသည့်အတွက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု SSPP ၏ သတင်းနှင့် ပြန်ကြားရေး ဌာနဖြစ်သည့် SSPP Info က နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။
SSPP Info ၏ သတင်းထုတ်ပြန်ချက်ထဲတွင် “ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ကုန်းသာကျေးအုပ်စု ကုန်းသာကျေးရွာတွင် ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်သစ် ဆွမ်းကပ်လှူပွဲကို ကျင်းပပြုလုပ်အပြီး နိုဝင်ဘာ ၂၅ နံနက်အစောပိုင်းမှာ ပွဲကော်မတီနှင့် ကျေးရွာ ဒေသခံတို့ ပွဲခင်းသိမ်းနေချိန် စစ်ကောစီတပ်ဖွဲ့ ခလရ ၆၈ နှင့် ခလရ ၂၃ တို့ စုပေါင်းအင်အား ၈၀ ခန့်က ကုန်းသာရွာ ထဲသို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့်အတွက် ကုန်းသာ ကျေးရွာအတွင်း လမ်းလုံခြုံရေးယူထားသည့် SSPP/SSA တပ်ဖွဲ့နှင့် နံနက် ၆ နာရီ ၁၅ မိနစ်ကနေ နံနက် ၇ နာရီ ထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်းစစ် ကောင်စီဘက် ကတစ်ချို့သေဆုံးပြီး ၄ ဦးဒဏ်ရာရပါတယ်” ဟု ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု SSPP ကပြောသည်။
တိုက်ပွဲကြောင့် ဒေသခံ ၆၀၀ ခန့် လုံယွန်းဘုန်းကြီးကျောင်းနှင့် သီပေါမြို့အတွင်းသို့ ထွက်ပြေးသိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ နှစ်ဖက် အဖွဲ့အစည်းများက စစ်အင်အားဖြည့်တင်းကာစစ်ရေးတင်းမာနေပါသည်ဟု SSPP က ဆိုသည်။
စစ်ရှောင်များအား သွားရောက်ကူညီပေးနေသူ တစ်ဦးက “ဖြစ်တာက စစ်တပ်က စပစ်လို့ဖြစ်တာလို့တော့ ပြော တယ်။ ဒီဘက်ကရော စစ်တပ်ဘက်ကရော ကျတယ်လို့တော့ ရွာသားတွေကပြောတယ်။ ဘယ်နှစ်ယောက် ဆို တာတော့ မသိဘူး။ ကုန်းသာက ဒေသခံတွေကလုံယွန်းကျောင်းမှာလည်း ရောက်တယ်။ နောက်ပြီး သီပေါက ဘိုးတော်ကျောင်းကို လည်းထွက်ပြေးတဲ့လူတွေရှိတယ်” ဟု ပြောသည်။
Photo - SSPP Info
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ SSPP ကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။ SSPP/SSA သည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ထားသည့်အဖွဲ့ဖြစ်သည်။
စစ်ကောင်စီက ဖိတ်ခေါ်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ထားသော်လည်း နှစ်ဖက်အဖွဲ့အစည်း များအကြား ကြိုကြားကြိုကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုလည်း ရှိနေသည့်အဖွဲ့ဖြစ်သည်။