ပအိုဝ်းဒေသရောက် ကရင်နီ စစ်ရှောင်များ အကူအညီ လိုအပ်နေ

ပအိုဝ်းဒေသရောက် ကရင်နီ စစ်ရှောင်များ အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ကရင်နီဒေသမှ စစ်ဘေးရှောင်များ အရေးပေါ် အကူ အညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များ ကူညီနေသည့် အဖွဲ့အစည်းများက ပြောသည်။

အသက် ၄၅ နှစ်အရွယ် ကုန်းဆွတ်ရွာခံ စစ်ဘေး‌ရှောင် အမျိုးသမီးတစ်ဦးက “ပင်လောင်းမှာက အရမ်းအေး တော့ စောင်ထူထူတွေလိုတယ်။ ဒီတိုင်းပြေးလာရတယ်ဆိုတော့ အဝတ်စားတွေလည်း မယူခဲ့ရဘူး။ အနွေးထည် လည်း လိုတာပေါ့နော်။ ဘုန်းကြီးကျောင်းဆိုတော့လည်း ရေရှည်က အဆင်မပြေနိုင်ဘူး။ စားသောက်ရတာ လည်း ကြာလာရင်အဆင်မပြေဘူး။ အစားအသောက်တွေလည်း လှူစေချင်တာပေါ့နော်” ဟု ပြောသည်။

ပင်လောင်းမြို့နယ်၊ နန်းပုလင်ကျေးရွာအုပ်စု၊ ပုံလောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော အဆိုပါ စစ်ဘေးရှောင်များမှာ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာသို့ စစ်တပ်မှ တတိယအကြိမ် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၄ ရက်နေ့မှစပြီး ပုံလောင်းဘုန်းတော်ကြီး ကျောင်းသို့ စစ်ရှောင်လာကြခြင်းဖြစ်သည်ဟု ကူညီဆောင်ရွက်ပေး‌နေသူများက ပြောသည်။

ပစ်ခတ်မှုတွင် ဒေသခံ အမျိုးသမီး ၂ ဦး ထိမှန်ပြီးနောက် ရွာသားများသည် အသက်အန္တရာယ်ကို စိုးရိမ် သည့်အတွက် ဘေးလွတ်မည့်နေရသို့ ထွက်ပြေး တိမ်းရှောင်နေကြခြင်း ဖြစ်သည်ဟု စစ်ရှောင်များကပြော သည်။

လက်ရှိ ပုံလောင်းဘုန်းကြီးကျောင်းတွင် ကုန်းဆွတ်ကျေးရွာမှ စစ်ဘေးရှောင်လာသူဦးရေ ၁၁၂ ဦး (အိမ်ထောင်စု ၂၅ စု) ခန့် ရောက်ရှိနေပြီး နို့စို့အရွယ် ကလေးများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု ကူညီပေးနေ သူ များက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်လာသူ အချို့မှာ ရာသီတုတ်ကွေး ဖျားနာခြင်းများ ဖြစ်ပွားလျက်ရှိရာ ကျေးလက်ဒေသ ဖြစ်သည်နှင့် အညီ ဆေးဝါးမလုံလောက်မှု ပြဿနာများလည်း ကြုံတွေ့နေရသည်ဟုဆိုသည်။

“စစ်ရှောင်တွေက မနေ့ကထပ်ရောက်လာသေးတယ်။ ဒီမှာ လူပြည့်နေလို့ နောင်ရင်းဒုံ သွားလိုက်ကြတယ်။ လူဦး ရေကတော့ မသိရသေးဘူး။ သူတို့ (စစ်ဘေးရှောင်)တွေ ထပ်လာကြဦးမယ်လို့ သတင်းရတယ်” ဟု အသက် ၃၈ နှစ်အရွယ် ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။ ကုန်းဆွတ်ကျေးရွာမှ ရွာခံ ၁၁၂ ဦးခန့််မှာ စစ်ဘေးရှောင်လာကြသော်လည်း ရွာခံအချို့မှာ တောင်ယာသိမ်းချိန် ဖြစ်နေသောကြောင့် ကောက်ပဲသီးနှံများ စိတ်မချနိုင်ပဲ ကျေးရွာထဲတွင် ကျန်နေခဲ့သူများလည်း ရှိသည်ဟု ဆို သည်။

ယခု နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်နီဒေသရှိ လွိုင်ကော် မြို့နယ်တင် သာမကပဲ ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှ ဒေသခံများသည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် စသည့်ဒေသများသို့ ထပ်မံ စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီက ကရင်နီစစ်ဘေးရှောင်များကို ရှမ်းတောင်တွင် ရေရှည်နေထိုင်ခွင့် မပေးသောကြောင့် ယခုနှစ်စောပိုင်းကတည်းက ရောက်နှင့်ပြီးသား စစ်ဘေးရှောင်များကိုလည်း နိုဝင်ဘာလမကုန်မှီ နေရပ်ပြန်ရ မည်ဟု ပြောဆိုထားသည်။ ကုန်းဆွတ်ကျေးရွာမှာ ကရင်နီပြည်နယ်တွင် လက်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုဒဏ်အများ ဆုံးခံရသည့် ကျေးရွာများထဲ မှ တစ်ရွာဖြစ်ပြီး နိုဝင်ဘာလအတွင်း၌ပင် ၃ ကြိမ် ပစ်ခတ်ခံခဲ့ရသည်။

ထိုလက်နက်ကြီး ပစ်ခတ်ခတ်မှု ၃ ကြိမ်အတွင်း အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ကိုယ်ဝန်ဆောင် မိခင် တစ်ဦး အပါအဝင် ရွာခံ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ် ၈ လုံး၊ ဘုန်းကြီးကျောင်း ဝင်းရှိ အဆောက်အဦတစ်ခု၊ ထော်လာဂျီတစ်စီး၊ ကားတစ်စီးတို့ မီးလောင်ပြာကျပျက်စီးခဲ့သည်ဟု ကူညီဆောင်ရွက် ပေးနေသူများက ပြောပြသည်။

Most read this week

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...