မင်္ဂလာဒုံမြို့နယ်က အိမ်ထောင်စု တစ်သောင်းကျော်ကို စစ်တပ်က ခြိမ်းခြောက်ပြီး အတင်းအဓမ္မဖယ်ရှားခိုင်း

မင်္ဂလာဒုံမြို့နယ်က အိမ်ထောင်စု တစ်သောင်းကျော်ကို စစ်တပ်က ခြိမ်းခြောက်ပြီး အတင်းအဓမ္မဖယ်ရှားခိုင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာပါဝင်တဲ့ ကျေးရွာငါးခုက အိမ် ထောင်စု တစ်သောင်းကျော်ကို စစ်တပ်က ဖယ်ရှားပေးဖို့ အတင်းအဓမ္မ ဖိအားပေးလာတာကြောင့် ဒေသခံတွေ အခက်ကြုံတွေ့နေရပါတယ်။

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုက စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီစတဲ့ရပ်ကွက်ငါးခုက အိမ်ထောင်စု တစ်သောင်းကျော်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၈ရက်နေ့မှာ ပြောင်းရွေ့ဖို့ ဖိအားပေး လာတာဖြစ်ပြီး မပြောင်းပေးရင် ဘူဒိုဇာနဲ့ ထိုးမယ်လို့ ခြိမ်းခြောက်လာတယ်လို့လည်း ရပ်ကွက် နေထိုင်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဘက်က မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧကခန့် မြေပေါ်မှာရှိတဲ့ ခွင့်ပြုမဲ့ အဆောက်အအုံတွေ အားလုံးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးဖယ်ရှားဖျက်သိမ်းဖို့နဲ့ ဖယ်ရှားခြင်းမရှိပါက ဥပဒေအရအရေးယူမယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ဖယ်ရှား ခိုင်းခဲ့တာပါ။ဒ

ဒေသခံတွေဘက်ကတော့ ဒီမြေတွေဟာ ဥယျာဉ်ခြံမြေတွေနဲ့ ဘိုးဘွားပိုင်မြေတွေဖြစ်ပြီး စာရွက် စာတမ်း အထောက်အထားတွေနဲ့ နေထိုင်လာတာ နှစ်ပေါင်း၃၀နဲ့အထက် မျိုးဆက် သုံးဆက်ခန့် နေထိုင်လာခဲ့တာလို့ ပြောဆိုနေကြတာပါ။

နိုဝင်ဘာ ၁၄ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တပ်မြို့စည်ပင်သာယာရေး အဖွဲ့ အပါအဝင် လူအင်အားငါး ဆယ်နီးပါးဟာ ပျဉ်းမပင်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရပ်ကွက်ငါးခုကို အသံချဲ့စက်နဲ့အော်ကာ ပြောင်းရွှေ့ဖို့ စာတွေကို တစ်အိမ်ချင်းဆီပေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

“ခုချက်ချင်းကြီး ကျွန်တော်တို့ အိမ်ပြောင်းရွှေ့ဖို့လည်း အဆင်မပြေဘူး။ အလုပ်အကိုင်တွေလည်း အဆင်ပြေမနေဘူး။ အဲဒီအချိန်မှာ စစ်တပ်က တနဂ်နွေနေ့လာတယ်။ စစ်တပ်ပါတယ်။ ထွေ/အုပ် ပါတယ်။ မီးသတ်ပါတယ်။ အိမ်တွေကို စာရွက်လိုက်ကမ်းတယ်။ ၁၈ရက်နေ့ကို ပြောင်းပေးရမယ်တဲ့။ ကျွန်တော်တို့ တော်တော်အံ့ဩသွားတယ်။ ကျွန်တော်တို့နေလာတာ ဘိုးဘွားပိုင်မြေလည်းဖြစ်တယ်။ ဒီမြေက ဥယျာဉ်ခြံမြေတွေ စစ်တပ်နဲ့ ဘာမှ မဆိုင်တာလေ။အဲဒီမြေကို စစ်တပ်ဝန်း ထဲမှာဖြစ်နေလို့ အပြီးတိုင်ဖယ်ရှားပေးရဖို့ ဆိုတော့ စစ်တပ်အာဏာ သိမ်းတာနဲ့ပဲ ကိုယ့်မြေပေါ်ကနေ ဖယ်ပေးရမယ့် ကိန်းဆိုက်နေပြီ။ ဘယ်မှလည်း အကူအညီတောင်းလို့ မရဘူး ”လို့ စံသမာဓိရပ်ကွက်နေသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲဒီရပ်ကွက်ငါးခုထဲက စံသမာဓိရပ်ကွက်မှာနေသူတွေ ဖယ်ရှားပေးဖို့ NLDအစိုးရလက်ထက် ၂၀၁၆ခုနှစ်မှာ စစ်တပ်နဲ့ ဦးပိုင်တို့ကနေ အခုလို လုပ်ဆောင်ခဲ့ဖူးပေမယ့် ဒေသကိုယ်စားပြု လွှတ်တော်ကိုယ် စားလှယ်က ဝင်ရောက်ဖြေရှင်းဆောင်ရွက်ပေးခဲ့လို့ မပြောင်းရွှေ့ခဲ့ရဘူးလို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီတပ်က တပ်ပိုင်မြေဆိုပြီး သိမ်းယူဖို့လုပ်နေတဲ့ အဲဒီရပ်ကွက်ငါးခုအတွင်းက နေထိုင်သူအများစုဟာ စက်ရုံအလုပ်သမား၊ဈေးသည် စတဲ့ကျပန်းလုပ်ကိုင်သူတွေ၊ အခြေခံလူ တန်းစားတွေ ဖြစ်တာကြောင့် ပြောင်းရွှေ့နေထိုင်ဖို့ အခက်အခဲကြီးကြီးမားမား တွေ့ကြုံနေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက အခု နိုဝင်ဘာ ဒုတိယအပတ်ထဲမှာပဲ ထောက်ကြံ့ (၁)ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးပိုင်ဆိုင်တဲ့ မြေနေရာပေါ်မှာ ကျူးကျော်နေထိုင်တယ် ဆိုပြီး ရွှေ့ပြောင်းဖို့ စာထုတ်ထားသေးတယ်လို့လည်း သိရပါတယ်။

Most read this week

January 6, 2025
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့...
January 3, 2025
တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး...
January 2, 2025
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ ဖမ်းဆီးပြီးနောက်...
December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...