မြိတ်နှင့် တနင်္သာရီတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် တပ် ဖွဲ့ဝင် ၁၃ ဦးထက် မနည်းသေဆုံးမှုရှိခဲ့သည်ဟု ဒေသအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မြိတ်နှင့် တနင်္သာရီမြို့နယ်များ အတွင်းရှိ ကျေးရွာ ၅ ရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး ထက်မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်။
တနင်္လာနေ့က ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ဒီ မနေ့က မိုင်းဆွဲခံရတဲ့အဖွဲ့က တနေ့က ၆ ရက်နေ့က ထုံခါးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ အဖွဲ့တွေပဲ ဗျ။ သူတို့ကို ကျနော်တို့ဘက်က စောင့်ပြီးတိုက်တာဗျ။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကတွေ ထိခိုက်သွားတာ များ တယ်။ အတိအကျတော့ ပြောဖို့ခက်တယ်။ တပ်ရင်းမှူးပါတာတော့ Confirm ပါဗျ” ဟု ပြောသည်။
တနင်္သာရီမြို့နယ် ထုံခါကျေးရွာအနီး ဒေသခံပြည်သူကာကွယ်ရေး တပ်ဖွဲ့များက ဘုတ်ပြင်းမှ မြိတ်မြို့ဘက် မောင်းနှင်လာသည့် ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာလ ၆ ရက်နေ့၊ ညနေ ၅ နာရီ အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး အပါအဝင် ၁၀ ဦးခန့်သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖြစ်သည့် တနင်္သာရီပြောက်ကျား၊ မြိတ်ခရိုင်တပ်ရင်း၂ နှင့် တနင်္သာရီရိုးမ စသည့် မဟာမိတ် တပ်ပေါင်းစုများက တနင်္သာရီမြို့နယ် တမွတ်ချုံးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို နိုဝင် ဘာလ ၇ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဘက်အပြန်အလှန်တိုက်ပွဲ ဖြစ် ပွားခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သော မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးဘက်က တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး စစ် ကောင်စီဘက်က သေဆုံးသွားသည့် အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ကား ၅ စီး ဖြင့် မြိတ် ဘက်သို့ တင်ဆောင်သွားသည် ဟု အဆိုပါ မဟာမိတ်တပ်ဖွဲ့ဝင်က ပြောသည်။
ထို့အပြင် မိုင်းထိပြီး ပျက်စီးသွားသည့် ကားကိုလည်း နောက်ထပ် ကားတစ်စီးဖြင့် လာကူဆွဲသွားသည်ကိုမြင်ခဲ့ရ သည်ဟု ၎င်းက ပြောသည်။
မြိတ်မြို့နယ် အတွင်းရှိ တုံးဗျောကျေးရွာတွင်လည်း ထိုနေ့ ည ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်မှု အခြေအနေ ကို မူ မသိရသေးဘူး PDF တပ်ဖွဲ့တာဝန်ရှိသူများနှင့် ဒေသခံများက ဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တနင်္သာရီမြို့နယ် အတွင်းရှိ ထုံမခါ၊ တမွတ်ချုံး၊ တားပလတ်၊ ဘန်း လမွတ် ကျေးရွာများနှင့် မြိတ်မြို့နယ်အတွင်းက တုံးဗျောကျေးရွာတို့တွင် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာလ ၆ ရက် နေ့၊ နံနက် ၆ နာရီအချိန်ခန့်က ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် လမ်းပိုင်း တစ်နေ ရာ တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသူ ထိုအုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ သတင်းပေး၊ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၎င်း ပစ်သတ်ခံရ ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် လူထုနေထိုင်သည့် ရပ်ရွာများဘက်ကို ရမ်းသမ်းပစ်ခတ်မှု များ ရှိနေသည်ဟု ရွာသားတစ်ဦးက ပြောသည်။
ဓါတ်ပုံ - တနင်္သာရီကာကွယ်ရေး ပြောက်ကျားအဖွဲ့