မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းနှင့် ယာဉ်တန်းတို့ ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁၀ ဦးထက်နည်း ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ပုလောပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပုလောမြို့နယ် မင်းထိန်ကျေးရွာအနီး စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ၂ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား မိနစ် ၅၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ် တပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကျောက်မိုင်းခွဲသလို တဂျိမ်းဂျိမ်းနဲ့ မိုင်းပေါက်ကွဲသံတွေ ကြားရပြီး မကြာဘူး။ နှစ်ဘက် ပစ်ခတ်နေတဲ့ သေ နတ်သံတွေ နာရီဝက်ကျော်အကြာ တစ်နာရီနီးပါးလောက် ကြားရတယ်။ ရွာကလူတွေကတော့ မိုင်းသံကြားထဲ က တစ်ရွာလုံး တောထဲပြေးကြရတာ” ဟု အသက် ၄၀ နှစ်ခန့်အရွယ်မင်းထိန်ရွာသား တစ်ဦး က ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီအချိန်ခန့် တွင် တစ်ကြိမ် ပုလော ဘက်မှ မြိတ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့တို့ ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က မိုင်း ၆ လုံးဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။
ထို့နောက် နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၅၀ ခန့် အကြာ ဖြစ်ပွားခဲ့သည်ဟု ပုလော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာပင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက် မနည်းသေဆုံးခဲ့ပြီး ၅ ဦးထက် မနည်းလည်း ထိခိုက်ဒဏ်ရာရ ခဲ့သည်ဟု ပုလော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။
သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။
အလားတူ နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက် ၁၀ နာရီ ဝန်းကျင် အချိန်ခန့်မှာပင် မင်းထိန်ကျေးရွာနှင့် ခမောင်းတော ကျေးရွာ အကြားက ကျောက်ခွဲစက်အနီးတွင်လည်း စစ်ကောင်စီ၏ ကား ၃ စီးပါ ယာဉ်တန်းလည်း ပဒေသာ မိုင်းဖြင့် တောကြီးမြွေဟောက် King Cobra အဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂စီး ပျက်စီးသွားပြီး အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ၎င်းအဖွဲ့က တာဝန်ရှိသူတစ်ဦး က ဆိုသည်။
သို့သော် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုစာရင်းကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ပြောသည်။
King Cobra အဖွဲ့က တာဝန်ရှိသူတစ်ဦးက “မိုင်းဆွဲပြီးတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်ကနေ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ဘက်က ထိခိုက်မှု မရှိပါဘူး” ဟု ပြောသည်။
နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း ပဝတ်ကုန်းနှင့် ပိတပ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ် ရေး မဟာမိတ်တပ်ပေါင်းစုတို့ အကြား နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ပဝတ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီဘက် က ၇ ဦးသေဆုံးသည့်အပြင် ပိတပ်ကျေးရွာတိုက်ပွဲတွင် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူလည်း များသည်ဟု ဒေသခံများက ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းများကို ပြည်သူ့ကာကွယ် ရေး အဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် မြိတ်-ထားဝယ် ကားလမ်းမ ပေါ်ရှိ ခရီးသည်တင်ကားများနှင့် ခရီးသွားလာကြသည့် ပြည်သူများ အနေဖြင့် စစ်ကောင်စီ ယာဉ်တန်းများနှင့် နီးကပ်စွာ မောင်းနှင်သွားလာခြင်းကို တတ်နိုင်သမျှ တတ်နိုင်ဆုံးရှောင်ရှားကြရန် PDF အဖွဲ့များက အသိပေး မေတ္တာရပ်ခံ ထားသည်။