ဧရာဝတီတိုင်း အတွင်းက အကျဉ်းထောင်များ ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ရရှိပြီ ဟု ဧရာဝတီတိုင်းအကျဉ်း ဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
အောက်တိုဘာလလည်ပိုင်းက စတင်၍ ပိတ်လိုက်သည့် ထောင်ဝင်စာပို့ခွင့်ကို နိုဝင်ဘာလ ၁ ရက်နေ့အင်္ဂါနေ့ က စတင်ပြီး စည်းကမ်း သတ်မှတ်ချက်များတိုးပြီး ပို့ခွင့်ပြန်ပေးခြင်း ဖြစ်သည်။
“ထောင်ဝင်စာပို့ခွင့်ရတယ် ဆိုပေမယ့် အရင်ထက် ပိုတင်းကြပ်လာတယ်။ မိသားစုဝင်တွေပဲပို့ခွင့်ရတော့တယ်။ ပို့ခွင့်ရတဲ့ ပစ္စည်း အရေအတွက်ကိုလည်း လျော့ချလိုက်တယ်” ဟု ပုသိမ်ထောင်ကို ထောင်ဝင်စာပို့သူ တစ်ဦးက ပြောသည်။
ထောင်ဝင်စာ ပို့သည့်သူက ထောင်တွင်းရှိ အချုပ်သား၊ အကျဉ်းသား နှင့် မိသားစုဝင်များ ဖြစ်ကြောင်းအိမ် ထောင်စု၊ သန်းကောင်စာရင်း၊ မှတ်ပုံတင်တို့ ပါရှိရမှာဖြစ်ပြီး လက်ရှိ နေထိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များကို စစ်ဆေးခံပြီးမှ ထောင်ဝင်စာ ပို့ခွင့်ရသည်ဟု ထောင်ဝင်စာသွားပို့သူ အချို့က ပြောသည်။
ထောင်ကျ အကျဉ်းသားများကို တစ်လလျှင် ၂ ကြိမ်၊ အမှုရင်ဆိုင်ဆဲ ထောင်အချုပ် အကျဉ်းသားများကိုတစ်လ ၄ ကြိမ် ထောင်ဝင်စာပို့ခွင့်ရပြီး အကျဉ်းသား တစ်ဦးကို ဟင်းဘူး ၅ ဘူး မှ ၃ ဘူး၊ ကော်ဖီမစ် ၃ပါကင်မှ ၁ ပါကင်၊ သစ်သီး ၁ မျိုး ၁၀ လုံးသာ၊ လက်ဖက် ၃ ပါကင် မှ ၁ ပါကင် သာပို့ခွင့်ရပြုတော့သည်ဟု ဆိုသည်။
“အကျဉ်းသားတိုင်း ထောင်ဝင်စာလာကြတာ မဟုတ်ဘူး။ ထောင်ဝင်စာ မလာတဲ့ အကျဉ်းသားတွေရှိတယ်။ အထဲမှာ ထောင်ဝင်စာလာတဲ့ သူက မလာတဲ့သူကို ဝေမျှ စားကြတာမျိုးတွေ ရှိတယ်။ အခုလိုအဆမတန် လျှော့ ချလိုက်တော့ ခက်ခဲကုန်မှာပေါ့။ ထောင်ထမင်း ထောင်ဟင်းဆိုတာ အရသာမရှိအဟာရဖြစ်ဘူး” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။
အမှုရင်ဆိုင်ဆဲ ထောင်အချုပ် အကျဉ်းသားများ အတွက် အပတ်စဉ် အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူးနေ့တို့တွင်ထောင်ဝင်စာ ပို့ခွင့်ရပြီး အပြစ်ဒဏ် အမိန့်ချပြီးသော ထောင်ကျအကျဉ်းသားများကိုကြာသာပတေးနေ့နှင့် သောကြာနေ့တို့ တွင် ထောင်ဝင်စာပို့ခွင့်ရမည် ဟု ပြင်ဆင် သတ်မှတ်လိုက်သည်ဟု ထောင်ဝင်စာ သွားပို့သူများက ပြောသည်။
ယခင်က ထောင်ဝင်စာ ပစ္စည်း အရေ အတွက် လျှော့ချလိုက်မှုအချို့ ရှိခဲ့ဖူးပြီး ထောင်အမှုထမ်းများကထောင် အတွင်းသို့ စားသောက်ဖွယ်ရာများ သွင်းကာ ဈေးနှုန်းကို အဆမတန်တင်ရောင်းချကြသည်များလည်း ရှိခဲ့သည် ဟု ထောင်ကျဘူးသူ တစ်ဦးက ပြောသည်။
ထောင်ကျဘူးသူ တစ်ဦးက “ထောင် စည်းကမ်း ကန့်သတ်လိုက်တိုင်းမှာ ထောင်အမှုထမ်းတွေထောင်မှူးတွေ အတွက် ငွေရှာပေါက်တွေတိုး လာတာပါ။ ထောင်ထဲကို ဘာသွင်းသွင်း ဘာပို့ပို့အမှုထမ်းတွေနဲ့ ထောင်မှူးတွေ မပါဘဲဘယ်လိုမှ သွင်းလိုမရဘူး” ဟု ပြောသည်။
ထိုသို့ စားသောက်ဖွယ်ရာများ သွင်းရာတွင် ရောင်းချသူများထံမှ ထောင်အာဏာပိုင် အဆင့်ဆင့်က ငွေ၄၀ ရာခိုင် နှုန်းခန့် ဖြတ်ယူသည်ဟုလည်း ၎င်းက ပြောသည်။
ဧရာဝတီတိုင်း အတွင်းရှိ ခရိုင်အဆင့် မြို့များဖြစ်သည့် ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြနှင့် ဖျာပုံမြို့တို့တွင် အကျဉ်းထောင် တစ်ခုစီရှိသည့် အပြင် ရဲဘက်စခန်းလည်း ၁၀ ခုခန့် ရှိပြီး ထိုရဲဘက်အလုပ်စခန်းများတွင်လည်း ထောင်ကျ အကျဉ်းသားများ ထားရှိသည်ဟု အကျဉ်းဦးစီးနှင့်နီးစပ်သူများက ပြောသည်။
ဧရာဝတီတိုင်း အတွင်းရှိ အကျဉ်းထောင်များသို့ ထောင်ဝင်စာ ပို့ခွင့်ကို အောက်တိုဘာလ ၁၉ ရက်နေ့နံနက်ပိုင်း က ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိုနေ့မွန်းလွဲပိုင်းမှ စတင်၍ ပိတ်လိုက်ခြင်း ဖြစ်သည်။