ကျောက်ဖြူမှ လွှတ်တော်အမတ်ဟောင်း ဦးကျော်လွင်နှင့် နောက်ထပ် ၁ ဦးတို့ ၂ ရက်ကြာပျောက်ဆုံးနေ

ကျောက်ဖြူမှ လွှတ်တော်အမတ်ဟောင်း ဦးကျော်လွင်နှင့် နောက်ထပ် ၁ ဦးတို့ ၂ ရက်ကြာပျောက်ဆုံးနေ
ဓာတ်ပုံ - ပျောက်ဆုံးနေသည့် လွှတ်တော်အမတ်ဟောင်း ဦးကျော်လွင်အားတွေ့ရစဉ်။ Photo – U Kyaw Lwin’s facebook
ဓာတ်ပုံ - ပျောက်ဆုံးနေသည့် လွှတ်တော်အမတ်ဟောင်း ဦးကျော်လွင်အားတွေ့ရစဉ်။ Photo – U Kyaw Lwin’s facebook

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဦးကျော်လွင်နှင့် နောက်ထပ် ၁ ဦးတို့သည် ၂ ရက်ကြာပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။

ပျောက်ဆုံးနေသူတို့မှာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဗဟိုအကြံပေးကောင်စီဝင်လည်းဖြစ်သည့် ဦးကျော်လွင်(၅၄ နှစ်)နှင့် သူ၏မိတ်ဆွေ ဦးမောင်ကောင်း (အသက် ၆ဝ ကျော်)တို့ဖြစ်ကြသည်။

ဦးကျော်လွင်သည် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ ကုန်ဘွေရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်သော်လည်း ရွာပြင်ရှိ သူ၏ခြံတွင် စိုက်ပျိုးရေးလုပ်ကိုင်ကာ ရခိုင့်ဦးဆောင်ပါတီ(AFP)ပါတီမှ ဦးမောင်ကောင်းနှင့်အတူ ပြောဟော အိပ်တတ်ကြကြောင်း သိရသည်။

သူတို့ ၂ ဦးသည် အောက်တိုဘာလ ၄ ရက်ညတွင် ထိုခြံထဲ၌ရှိနေစဉ် ယင်းနေ့ည ၁ဝ နာရီကျော်မှစတင်ကာ မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်ပြီး ယနေ့ အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းအထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ဦးကျော်လွင်၏မိသားစုဝင်တစ်ဦးက နိရဥ္စရာကို ပြောသည်။

“သူက အဲဒီနေ့ ည ၈ နာရီအထိရှိသေးတယ်။ ၁ဝ နာရီကျော်လောက်ဆက်ကြည့်တော့ ဖုန်းမကိုင်တော့ဘူး။ အဲဒီအချိန်ကနေ သူနဲ့ အဆက်အသွယ်မရတော့ဘူးလေ။ အဆက်အသွယ်က ဖုန်းက ဆက်မရတော့ဘူး”ဟု ပြောသည်။

နိရဥ္စရာကလည်း ယနေ့မွန်းလွဲပိုင်းတွင် ဦးကျော်လွင်၏လက်ကိုင်ဖုန်းကို ဆက်သွယ်ခဲ့ရာ ဖုန်းပိတ်ထားသည်။

သူတို့ကို လက်ရှိအချိန်ထိ မည်သည့်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဦးကျော်လွင်၏မိသားစုဝင်တစ်ဦးက ဆက်ပြောသည်။

“ကျနော်တို့က ကိုယ်ဘက်အဖွဲ့အစည်းတွေ ဘာတွေကို မေးကြည့်တော့၊ ဒီဘက်က တာဝန်ခံတွေဘာတွေကို ဖုန်းလှမ်းဆက်ကြည့်တော့ သူတို့က မသိဘူးလို့၊ ကျနော်တို့ကလည်း မသိလိုက်၊ ဘာညာငြင်းတယ်”ဟု ပြောသည်။

အောက်တိုဘာလ ၂ ရက် ညနေပိုင်းက မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်း(၆ဝ နှစ်) ဓားထိုးအသတ်ခံရမှုကိစ္စနှင့်ပတ်သက်ပြီး ဦးကျော်လွင်သည် သူ၏လူမှုကွန်ရက်တွင် ဝေဖန်သုံးသပ်သည့်သဘောမျိုးစာသားအချို့ကို နောက်တစ်နေ့ အောက်တိုဘာလ ၃ ရက်တွင် ဝေဖန်ရေးသားခဲ့သည်။

ယင်းသို့ရေးသားခဲ့မှုအပေါ် လူမှုကွန်ရက်သုံးစွဲသူများအကြား ဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက် ဦးကျော်လွင်က ထိုရေးသားချက်ကိုဖျက်ကာ တောင်းပန်ကြောင်း ဆက်လက်ရေးသားခဲ့သေးသည်။

ဦးကျော်လွင်၏ရေးသားချက်အပေါ် ဝေဖန်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဦးကျော်လွင်နှင့် သူနှင့်အတူနေ နောက်တစ်ဦးတို့ ယခုကဲ့သို့ ပျောက်ဆုံးနေကြခြင်းဖြစ်သည်ဟု သိရသည်။

မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းကို သတ်ဖြတ်သွားသူများမှာ PDF အမည်ခံအဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၄ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

ဦးကျော်လွင်တို့ ပျောက်ဆုံးနေခြင်းနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မှ နိုင်ငံရေးသမားတစ်ဦးက “သုံးသပ်မိတာကတော့ မောင်တောမှာ ဆရာမတစ်ယောက်အသတ်ခံရတာကို မတင်မကျသွားရေးတာတွေ့တယ်။ လူမျိုးရေးပဋိပက္ခဖြစ်လာတော့မဲ့လိုလို အဲလိုမျိုး။ အဲဒါနဲ့ ကိုယ့်ဘက်က ခေါ်ယူသွားတယ်လို့ ထင်တယ်။ ပြောသံကြားတာက”ဟု မှတ်ချက်ပြုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP)ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးတို့၏သဘောထားကို ရယူရန် နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ဦးကျော်လွင်၏မိသားစုဝင်တစ်ဦးက “ဖမ်းရင်လည်း ဖမ်းထားတယ်ဆိုတာကို မိသားစုကို အကြောင်းကြားစေချင်ပေါ့နော်။ ဘယ်အဖွဲ့အစည်းမဆို အဖွဲ့အစည်းတစ်ခုခုက ကျနော်တို့မှာ ဒီဟာ မေးမြန်းစရာရှိတယ်။ မေးမြန်းပြီးတော့ ဥပဒေအတိုင်းမလုပ်ဘဲ ဘောင်ကျော်နေတယ်ဆိုရင်လည်း အပြစ်ဒဏ်ပေးရမယ်ဆိုတာတစ်ခုတော့ရှိမယ်လေ။ ဒါက ဘာကြောင့်ဖမ်းထားတယ်၊ ဘယ်အဖွဲ့အစည်းက ဖမ်းထားတယ်။ ကျနော်တို့ဖမ်းထားတယ်ဆိုတာကို မိသားစုကို အကြောင်းကြားစေချင်ပါတယ်။ အခုက တစ်ခုမှမသိရဘဲ လုပ်တယ်ဆိုတာက ဥပဒေစိုးမိုးမှုအားနည်းတယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

ဦးကျော်လွင်သည် ၂ဝ၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှစတင်ကာ နိုင်ငံရေးတွင် ထဲထဲဝင်ဝင်လှုပ်ရှားသည်ကိုမတွေ့ရတော့ဘဲ သူ၏ခြံတွင် စိုက်ပျိုးရေးလုပ်ကိုင်ကာ အေးဆေးစွာနေထိုင်သူဖြစ်သည်ဟု သူနှင့် နီးစပ်သူများက ပြောဆိုကြသည်။

သူသည် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့အတွက် ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်နေရာကို ရခိုင့်ဦးဆောင်ပါတီမှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

ယင်းအပြင် ၂ဝ၁၅ မှ ၂ဝ၂ဝ အထိ ရခိုင်အမျိုးသားပါတီ(ANP)ပါတီကိုယ်စားပြုကာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။

September 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာမှ ကျေးရွာသူ/သားများကို စစ်ကောင်စီတပ်က...
September 16, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဆေးရုံကြီး၌ တာဝန်ကျနေသော ဆရာဝန်ကြီးတချို့...
September 14, 2024
ရခိုင်ပြည် စစ်တွေမြို့ ရွှေပြားရပ်ကွက် အပါအဝင် ကမ်းနားလမ်းတစ်လျှောက်မှ အရပ်သား အများအပြားကို...
September 13, 2024
ရခိုင်ပြည်မြောက်ပိုင်းတွင် မိုးကြီးဦးမည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင်များက ခန့်မှန်းထားသည်...