တင်းကျပ်လာတဲ့စည်းမျဉ်းတွေအောက်မှာ မြန်မာပြည်တွင်းက မိသားစုကိုဦးစီးနေရတဲ့ချင်းအမျိုးသမီး

တင်းကျပ်လာတဲ့စည်းမျဉ်းတွေအောက်မှာ မြန်မာပြည်တွင်းက မိသားစုကိုဦးစီးနေရတဲ့ချင်းအမျိုးသမီး

“ဆေး (မူးယစ်ဆေး) ဖိုး မရှိတဲ့နေ့တွေဆို ကျမကိုရော ကလေးကိုရော ရိုက်တယ်၊ ပြန်တွန်းလှန်ဖို့လည်း မဖြစ်နိုင်ဘူးလေ၊ အားခြင်းမမျှတာကိုး၊ ဒီလိုပဲ ရေစက်ရှိသလောက် ခံသွားရမယ်လို့ ခံယူထားတယ်” မခိုင် တယောက် တုန်ရီတဲ့ လေသံလေးနဲ့ တိုးတိုးလေး ပြောလာပါတယ်။

မခိုင် ဟာ အသက် (၄၀) အရွယ်ရှိပြီး လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားတဲ့နေရာ မူးယစ်ဆေးပေါင်းစုံ အလွယ်တကူရတဲ့ အနက်ရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာ သူမဟာ ကလေး (၂) ဦးရဲ့ မိခင်ဖြစ်ပြီး၊ မိသားစုကို ရှာဖွေကျွေးမွေးနေရတဲ့ အမျိုးသမီးတစ်ဦး ဖြစ်သလို မူးယစ်ဆေးသုံးစွဲနေတဲ့ အမျိုးသားကိုလည်း နေ့စဥ်မှန်မှန် မူးယစ်ဆေးအတွက် ပိုက်ဆံရှာနေရသူ တစ်ဦးပါ။  

မခိုင် တစ်ယောက် ဟာ ကိုဗစ် ကူးစက်မှုမဖြစ်ခင် စစ်အာဏာ မသိမ်းခင်အချိန်ထိတော့ သူမတို့ရဲ့ မိသားစုတွေက  ပျော်ရွှင်ခဲ့ကြပါတယ်။

အရင်က မခိုင် အမျိုးသား ကိုမျိုးဟာ ဟာ လားရှိုး – ကွတ်ခိုင် – မူဆယ် လိုင်းကားမောင်းခဲ့ရင်း အိမ်ထောင်ဦးစီး ကောင်းဖြစ်ခဲ့ဖူးပေမဲ့ ကိုဗစ် – ၁၉ ပျံ့နှံ့ကူးစက်မှုတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့အပြင် အာဏာသိမ်း နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် စိတ်ဓါတ်ကျရာမှ မူးယစ်ဆေးသားကောင် ဖြစ်လာခဲ့သူပါ။

“အရင်ကတော့ သူက ကားမောင်းရင်း မိသားစုအတွက် အိမ်ထောင်မှု တာဝန်ကျေပွန်တဲ့ အမျိုးသားပေါ့၊ ကျမတို့ လည်း အိမ်ဆိုင်လေးဖွင့်ထားတော့ ဈေးရောင်းရင်း နဲ့ တစ်ဖက်တစ်လမ်းကနေ သူ့ကို ကူနိုင်ခဲ့တယ်၊ အဲ့တုန်းကတော့ မချမ်းသာရင်တောင်မှ မဆင်းရဲခဲ့ဘူး၊ သာယာတယ်၊ ခုတော့ နေ့တိုင်းမှာ သူ့ဆေးဖိုးမရရင် ဘယ်လိုတွေ ဖြစ်မလဲဆိုတာပဲ တွေးကြောက်နေရတယ်”

အခုလို ဆင်းရဲတဲ့ စိတ်ဒုက္ခကို ခံယူနေရတဲ့ အကြောင်းရင်းကတော့ မခိုင် ရဲ့ အမျိုးသားဖြစ်သူက မူးယစ်ဆေး သားကောင်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်ထဲ အိမ်မှုကိစ္စအဝဝကို တာဝန်ယူ လုပ်ဆောင်နရတဲ့အပြင် တစ်ခါတစ်လေ ဆေးဖိုးအတွက်ပါ ပေးရတာတွေကြောင့်လို့ မခိုင်က စိတ်မကောင်းတဲ့ လေသံတွေနဲ့ ရှင်းပြပါတယ်။

“သူသုံးနေတာက ရာမ ဆေးပြား နဲ့ အဖြူပေါ့၊ သူ့ဆေးဖိုးအတွက် သူ့ဘာသာသူရှာတာရှိသလို မရှာနိုင်တဲ့ နေ့တွေ ကျတော့ ကျမ ဆီကတောင်းတာပေါ့၊ အရင်ကတော့ တစ်နေ့ကို ၂၀၀၀ / ၃၀၀၀ ကနေ အခုဆို ၅၀၀၀ ထိတောင်း လာတယ်” လို မခိုင် တယောက် ဝမ်းနည်းတဲ့ လေသံနဲ့ ပြောပြလာပါတယ်။

မခိုင်တယောက် ဟာ အိမ်ဆိုင်လေးဖွင့်ထားပြီး လက်ရှိမှာ ကုန်စျေးနှုန်း မြင့်တက်လာမှုကြောင့် အရင်ကလို စျေးလာဝယ်သူ လျော့သွားသလို ဝင်ငွေလည်း နည်းလာပါတယ်။

ဝင်ငွေနည်းလာတဲ့အလျောက် မူးယစ်ဆေးသုံးစွဲနေတဲ့ အမျိုးသားကို မပေးနိုင်တော့ အမျိုးသားရိုက်နှက်မှာကို စိုးရိမ်ကြောက်ရွံ့မှုနဲ့ နေ့စဥ်နဲ့အမျှ ကျော်ဖြတ်နေရပါတယ်။

“အိမ်ဆိုင်လေးဖွင့်ပြီး မိသားစုဝမ်းစာအတွက် ဖြေရှင်းရတာ လွယ် တော့ မလွယ်ဘူး၊ ကုန်ဈေးနှုန်းတွေလည်း တက်နေတာနဲ့ အကြွေးတွေ မကင်းဘူး” လို့ မခိုင် တယောက် ညီးထွားနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကွတ်ခိုင်မြို့ပေါ်မှာ မူးယစ်ဆေးဝါး ရောင်းသူတွေ ပေါများလာသလို သုံးစွဲသူတွေကလည်း မြို့လယ်ခေါင်တွေ လူသွားလူလာများတဲ့ နေရာတွေမှာ ပေါ်တင်သုံးစွဲလာတာကို တွေ့မြင်လာရတယ်လို့ ကွတ်ခိုင်ဒေသခံတွေ ပြောပြလာပါတယ်။

ကွတ်ခိုင်မြို့ပေါ်မှာ WY ဆေးပြားတစ်လုံး ရဲ့ တန်ဖိုးဟာ မြန်မာကျပ်ငွေ ၂၅၀ ကျပ်ရှိတဲ့အတွက် လက်ရှိ ကြက်ဥတစ်လုံး ရဲ့ တန်ဖိုးနဲ့ ညီမျှနေတယ်လို့လည်း ကွတ်ခိုင်မြို့က အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

“မူးယစ်ဆေးပြားက ကြက်ဥတစ်လုံးစာ နဲ့ ညီမျှနေတယ်။ နောက်ဆိုရင် ကြက်ဥစျေးနှုန်းက WY ဆေးပြားထက် ပိုပြီး စျေးတက်လာနိုင်တယ်” လို့ ကွတ်ခိုင်မြို့ အိမ်ရှင်မ က ဆိုပါတယ်။

ကွတ်ခိုင်မြို့ဟာ မူးယစ်ဆေးဝါးချက် စက်ရုံတွေ ပေါများတဲ့ နေရာဖြစ်တဲ့အလျောက် စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနစ် မေလမှာ စစ်ကောင်စီ လက်အောက်ခံ ကောင်းခါး ပြည်သူ့စစ် အဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေမှာ မူးယစ်ဆေးချက် စက်ရုံ နဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးခဲ့တဲ့နေရာ ဖြစ်ပါတယ်။

အခုလို စစ်အာဏာသိမ်းပြီးနောက်မှာတော့ မူးယစ်ဆေးဝါးအရေး နဲ့ ပတ်သက်ပြီး အရေးယူတာတွေ ဖမ်းဆီးတာတွေ က မရှိလာတော့ ပြည်သူတွေဟာ မူးယစ်နွံထဲ နစ် တထက် နစ်ရုံပါပဲ။

“ဒီနယ်မြေက အရင်ကတည်းက မူးယစ်ဆေးပေါတာ။ အခုနောက်ပိုင်း မူးယစ်ဆေးက အလွယ်ရတော့ သုံးတဲ့သူလည်း များလာတာပေါ့။ အလုပ်မရှိတော့ စိတ်ညစ်တာနဲ့ ဆေးကို ပိုသုံးလာကြတာ” လို့ ကွတ်ခိုင်မြို့ က ဒေါ်ထန်နန်း က ဆိုပါတယ်။

အခုလို ကာလမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို အားကိုးချင်ပေမယ့် လည်း တချို့လက်နက်ကိုင်တွေက မူးယစ်ဆေးဝါး အကြောင်းပြပြီး ဖမ်းဆီးကာ ငွေညစ်တောင်းဆိုမှုတွေ ပြုလုပ်တာတွေလည်းရှိတယ်လို့ ဒေါ်ထန်နန်းက လက်ရှိ မြေပြင်အခြေအနေကို ပြောပြလာပါတယ်။

တဖက်မှာလည်း ကွတ်ခိုင်မြို့နဲ့ ဘေးပတ်ဝန်းကျင်ရွာတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ က နှစ်စဥ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။  

ဒီလို မူးယစ်သားကောင်တွေ ပေါများလာတဲ့အတွက် အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးကလည်း အလွန်ပင် စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။

နေ့စဥ်နဲ့အမျှ ကွတ်ခိုင်မြို့လယ်ခေါင်မှာ မူးယစ်ဆေးသားကောင်တွေ ကျင်လည်ကျက်စားနေတဲ့အတွက် အမျိုးသမီးတွေ ကလည်း အိမ်ပြင်ထွက်ဖို့ တွန့်ဆုတ်နေကြပါတယ်။

တဖက်မှာလည်း မိမိအိမ်မှာ မူးယစ်ဆေးနွံနစ်နေတဲ့ အမျိုးသားတွေ ဆွေမျိုးတွေရှိပါက အလွန်ပင် စိတ်သောက ရောက်ရပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အဆင့်ပါပဲ။

ဒါ့ကြောင့် မခိုင် တို့လို မူးယစ်သားကောင်နဲ့ အိမ်ထောင်ရှင်မဖြစ်ရသူဟာ အန္တရာယ်စက်ကွင်းမှာ စိုးရိမ်သောကတွေနဲ့  ရှင်သန်နေကြရပါတယ်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...