လက်နက်ကြီး နှင့် မြေမြုပ်မိုင်းကြောင့် ၂ ပတ်အတွင်း အရပ်သား ၁၁ ဦး သေဆုံး

လက်နက်ကြီး နှင့် မြေမြုပ်မိုင်းကြောင့် ၂ ပတ်အတွင်း အရပ်သား ၁၁ ဦး သေဆုံး

ကယား (ကရင်နီ) ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် မြေမြုပ်မိုင်းများနှင့် စစ်ကောင်စီ တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၂ ပတ်အတွင်း ဒေသခံ ၁၁ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် KCSN က ပြော သည်။

ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် KCSN က စက်တင်ဘာလ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၂ ပတ်အတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် KCSN ပြောရေးဆိုခွင့်ရှိသူ ခူးရူဘီက “ဒီ ၂ ပတ်အတွင်း ဆိုလို့ရှိရင်တော့ ထိခိုက်ဒဏ်ရာရတာကတော့ ၂၂ ယောက်ရှိတယ်။ နောက်သေတာကတော့ ၁၁ ယောက်ရှိတယ်။ ဒီလက်နက်ကြီး ထိလို့ ဆုံးတယ်။ နောက်တစ်ခုကကျတော့ ဒီမြေမြုပ်မိုင်းကြောင့်ပေါ့ ဒါကတော့ ကျနော်တို့ ရရှိတဲ့ သတင်း အချက်အလက်ပဲပေါ့ လက်လှမ်း မှီတဲ့ဟာပေါ့ ကျနော်တို့ မသိတဲ့ဟာ ရှိလည်း ရှိနိုင်တယ်” ဟု ပြောသည်။

သေဆုံးသူများထဲတွင် ကလေး ၂ ဦး ပါဝင်ပြီး မြေမြုပ်မိုင်း နင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင်လည်း လသား အရွယ် ကလေးများလည်းပါသည်ဟု ဆိုသည်။

“ကလေးကတော့ သေဆုံးတာကတော့ ၂ ယောက်ဖြစ်တယ်။ ဒါကတော့ ဒီ ၂ ပတ်အတွင်း လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ကလေး အရေအတွက်ပေါ့။ ကလေး လသားအရွယ်လည်း ပါတယ်။ ထိခိုက်တဲ့ လူထဲမှာ တစ်နှစ် မပြည့်တဲ့ ကလေးလည်းပါတယ်။ ဒါကတော့ မြေမြုပ်မိုင်း နင်းမိတဲ့အထဲမှာပေါ့” ဟု ခူးရူဘီ က ဆက် ပြော သည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ မွေတော် ဘုရားဝင်းအတွင်း ကျရောက် ပေါက်ကွဲသည့်အတွက် ကလေး ၂ ဦး အပါအဝင် အရပ်သား ၄ ဦး ထိမှန် သေဆုံး ခဲ့ပြီး ၁၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည် ဟု စက်တင်ဘာလ ၂၈ ရက်နေ့က KCSN ၏ သတင်းထုတ်ပြန်ချက်ထဲ တွင် ထည့်သွင်းထားသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့သည့်အပြင် မိုးဗြဲမြို့အတွင်းရှိ ဘုန်းကြီးကျောင်းမှ အရပ်သား အယောက် ၁၀၀ ကိုလည်း လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု KCSN က ဆိုသည်။

ခူးရူဘီက “သူက အထဲကနေ အပြင်ကို ပေးမထွက်တာ လူသားဒိုင်းအသုံးပြုတာ အဲလိုမျိုး ပိတ်မိနေတာ အဲလို မျိုးဆိုတော့ အဲဒီလူထုတွေကို ပိတ်မိနေတဲ့ လူထုတွေကို သူက လူသားဒိုင်းအဖြစ်နဲ့ အကာအကွယ်ယူ အဲလိုမျိုး ပုံစံဖြစ်တယ်။ အကုန်လုံးတော့ မလွှတ်သေးဘူးလို့ ကျနော်တို့တော့ သိတယ်။ အဲမှာ ဘာဖြစ်လို့လဲဆို သူတို့က တော့ စစ်ရေး အရှိန်ထပ်တိုးမယ့် အနေအထားမှာ ကျနော်တို့ ခန့်မှန်းအရဆိုတော့ သူတို့ကတော့ အားလုံးကို တော့ ပေးထွက်မှာတော့ မဟုတ်ဘူး” ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့ဖက်တွင် စစ်တပ်က ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေ သည့် အပြင် ကရင်နီပြည်နယ်တွင်လည်း ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်နေ သည် ဟု KCSN ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ကရင်နီပြည်နယ် လွိုင်ကော်မြို့အထွက် နွားလဝိုး၊ ပဒါးညေး၊ ကယန်းသာယာ တို့ တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ် က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် ကလေး ငယ်တစ်ဦး ထိ မှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ်အတွင်းရှိ ဆောင်ကန်းကျေးရွာထဲကို လွိုင်ကော် အမြောက်တပ်မှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိပဲ ရမ်းသန်း ပစ်ခတ်ခဲ့သည့်အတွက် လက်နက်ကြီး ၂ လုံးကျ ရောက် ပေါက်ကွဲကာ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု KCSN ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့အပြင် ဒီးမော့ဆို အနောက်ခြမ်းတွင် ဆိုင်ကယ်ဖြင့် ရိက္ခာ ပြန်လာယူသည့် မိသားစု တစ်စုသည် စစ်တပ်က ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိရာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ခြေထောက်တွင် ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့နှင့်ပါလာသည့် ၁၀ လသားအရွယ် ကလေးတစ်ဦးလည်း အနည်းငယ် ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု KCSN ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဒီးမော့ဆို အရှေ့ခြမ်းသို့ ဒီးမော့ဆို အခြေစိုက် စစ်ကောင်စီတပ် ၁၀၂ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး မြေပဲခင်းတွင် အလုပ်လုပ် နေ ချိန် ထိမှန်သေဆုံးခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ် နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင်း တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ များ ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲများကြားရှိ ဒေသခံများမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုး မျိုးကို ခံနေရသည်ဟု ဒေသခံများနှင့် ဒေသအတွင်းက လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...