ရခိုင်တွေက ဘင်္ဂလီတွေနဲ့ အတူမနေချင်လို့ ဆန္ဒပြတယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေ

ရခိုင်တွေက ဘင်္ဂလီတွေနဲ့ အတူမနေချင်လို့ ဆန္ဒပြတယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေ

ဘင်္ဂလီတွေနဲ့ အတူယှဉ်တွဲ နေထိုင်ဖို့ အလိုမရှိဘူးဆိုပြီး ရခိုင်ပြည်သူတွေ ဆန္ဒထုတ်ဖော်နေတဲ့ သတင်း ပို့စ် တစ်ခုကို Myanmar News ဆိုတဲ့ Facebook စာမျက်နှာကနေ စက်တင်ဘာလ ၂၁ ရက်နေ့က တင် ထားကို တွေ့ရပါတယ်။

Myanmar News Facebook စာမျက်နှာ က ရခိုင်ဒေသက ပြည်သူတွေ ဆန္ဒထုတ်ဖော်နေတဲ့ ဓာတ်ပုံ ၂ ပုံ နဲ့အတူ “သိုက်ကလာတဲ့သူများ နှင့် အတူယှဉ်တွဲမနေထိုင်နိုင်ကြောင်း ဆန္ဒဖော်ထုတ်နေသည့် ရခိုင်ပြည် သူများ” ဆိုပြီး ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူတွေက အခုရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်နေတဲ့ ပုံစံနဲ့ စာကို ရေး တင်ထားတာ ကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည် သူတွေ ဆန္ဒထုတ်ဖော်တာမျိုးတွေ မရှိသလို Myanmar News က အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ လည်း အခုလက်ရှိ ဖြစ်နေတဲ့ ပုံတွေ မဟုတ်ပဲ အရင်က ပုံအဟောင်းတွေကို

အသုံးပြုထားလို့ ဖြစ်ပါ တယ်။

ရခိုင်ပြည်သူတွေ ဆန္ဒထုတ်ဖော်နေတဲ့ ဓာတ်ပုံအဟောင်းရဲ့ မူရင်းဇစ်မြစ်ကို ရှာဖွေကြည့်ရာမှာ ရှာလို့ မတွေ့ပေ မယ့် အခု လက်ရှိ ရခိုင်မှာ ဆန္ဒထုတ်ဖော်ပွဲ တွေ မရှိသလို ဓာတ်ပုံတွေဟာ ဓာတ်ပုံအဟောင်း လို့ ရခိုင် အခြေစိုက် သတင်းထောက်တွေက ပြောပါတယ်။

ရခိုင် အခြေစိုက် သတင်းထောက် တစ်ဦးက “ကြာပြီထင်တယ်အကိုရေ အခုက အဲလိုဆန္ဒပြတာတွေ မကြားရပါ။ မရှိပါ။ ရခိုင်မှာ အဲလိုရှိရင် ရခိုင်သတင်းဌာနတွေက တက်မှာလေ” ဆိုပြီး ပြောပါတယ်။

တကယ်လို့ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူတွေက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒ ထုတ် ဖော်တာတွေရှိခဲ့ရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက သတင်းရေးသားကြမှာ ဖြစ် ပေမယ့် လက်ရှိ အချိန် အထိ ဘယ်သတင်းဌာနကမှ သတင်းရေးသားထားတာကို မတွေ့ရပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ရက္ခိုင့်တပ်တော် ULA/AA က သတင်းစာ ရှင်းလင်း ပွဲမှာ နိုင်ငံတကာနဲ့ ဘင်္ဂလားဒေ့ရှ်က ULA/AA ကို အသိအမှတ်ပြုရင် ရိုဟင်ဂျာတွေ ပြန်ခေါ်မယ့် အစီ အစဉ်ကို တရားဝင် ထုတ်ပြန် ကြေညာပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရေရှည် အတူယှဉ်တွဲနေထိုင်ဖို့ နှစ်ဖက် စလုံးက လက်ခံနိုင်မယ့် ဖြေရှင်းမှုပုံစံနဲ့ ဖြေရှင်းသွားမယ်လို့ ပြောဆိုထားတဲ့ နောက်ပိုင်းမှာ Myanmar News ဆိုတဲ့ Facebook စာမျက်နှာက ရခိုင်ပြည်သူတွေနဲ့ ရိုဟင်ဂျာတွေကို ရန်တိုက်ပေးတဲ့ ပုံစံနဲ့ အခု လို ရေးသားလာတာကို တွေ့ရ ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်တဲ့အခါမှာ Myanmar News ဆိုတဲ့ Facebook စာ မျက်နှာက လက်ရှိ မြေပြင်မှာ တကယ်မဖြစ်ခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ ဓာတ်ပုံအဟောင်းကို အသုံးပြုကာ ရခိုင် ပြည် သူတွေနဲ့ ရက္ခိုင့်တပ်တော် ULA/AA ကို လည်းကောင်း၊ ရခိုင်ပြည်သူတွေနဲ့ ရို ဟင်ဂျာတွေကို လည်းကောင်း လူမျိုးရေး ပဋိပက္ခဖြစ်အောင် ရန်တိုက်ပေးတဲ့ ရည်ရွယ်ချက်နဲ့ ဝါဒဖြန့် ရေးသားထားတဲ့ သတင်းအမှားဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။

Myanmar News ဆိုတဲ့ Facebook စာမျက်နှာက တင်ထားတဲ့ သတင်းပို့စ်ကို စစ်ကောင်စီ ထောက်ခံ သူ တွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေ ရဲ့ Facebook Group တွေနဲ့ ပဲဖြစ်ဖြစ် တစ်ယောက်ချင်းစီပဲ ဖြစ် ဖြစ် တော်တော်များများ ပြန်လည်ပြီးတော့ ထပ်ဆင့်ဖြန့်ဝေနေတာကိုလည်း တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူ မျိုး တမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်း အမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တစ်ဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...