ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့ကြီးများတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ ယာဉ်လိုင်စင် ပြုလုပ်ပေးလျှက်ရှိပြီး တစ်စီးလျှင် ကျပ် ၅ သိန်းခန့် ပေးရသည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။
မော်တော်ဆိုင်ကယ် ယာဉ်လိုင်စင်အား တာချီလိတ်မြို့နယ်တွင် ဩဂုတ်လ ၂၆ ရက်နေ့မှစတင်ကာ ပြုလုပ်ပေးနေ သည့်အပြင် ရှမ်းပြည်နယ်အတွင်းရှိ တက္ကသိုလ်များနှင့် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေ သော Non-CDM ဝန်ထမ်းများ၏ မော်တော်ယာဉ်များကိုပါ လိုင်စင်လုပ်ပေးနေသည်ဟု Non-CDM ဝန်ထမ်းများက ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော အသက် ၃၀ အရွယ် Non-CDM ဝန်ထမ်းတစ်ဦးက “ဝန်ထမ်းတွေကို လာလုပ်ပေးတာဆိုတော့ သက်သာမလားပေါ့။ ၅ သိန်းလောက်ကုန်ပါ တယ်။ ပေးတာက ပေးလို့ ရပါတယ်။ ဒါပေမယ့် ပျောက်ရင် ကညနနဲ့ သက်ဆိုင်ရာက တာဝန်ယူပေးပါ။ အခုက ပျောက်ရင် ဘယ်ကိုတိုင်ရမလဲ မသိ။ တိုင်ရင်လည်း ဘာမှမထူး။ အဲဒီတော့ Without ပဲစီးတော့မှာပေါ့။ လိုင်စင် ဘီးနဲ့ လေးငါးသိန်း အပိုကုန်တာပဲ ရှိတယ်။ အခုလည်း မဖြစ်မနေမို့သာ လုပ်ရတာပါ” ဟု ပြောသည်။
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ခိုင်းရာတွင် တာချီလိတ်မြို့နယ်တွင် သာမကပဲ ရှမ်း ပြည်နယ်တွင်းရှိ စစ်ကောင်စီ အာဏာသက်ရောက်နေဆဲဖြစ်သော မြို့များအားလုံးပါဝင်သည်ဟု ကညနရုံးမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းမှ အစိုးရဌာနပေါင်းစုံတွင် တာဝန်ထမ်းဆောင်နေသော Non-CDM ဝန်ထမ်းများအား မှတ်ပုံ တင်၊ ဝန်ထမ်းကဒ်၊ သက်ဆိုင်ရာ အစိုးရဌာန၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ စသည်တို့ရယူပြီး သက်ဆိုင်ရာ မြို့နယ်ရှိ ကညနရုံးအသီးသီးတွင် မော်တော်ဆိုင်ကယ် လိုင်စင်ပြုလုပ်ရန် ညွှန်ကြားထားကြောင်း Non-CDM ဝန် ထမ်းများက ပြောသည်။
တောင်ကြီးမြို့ပေါ်ရှိ ပြည်နယ်ဌာနဆိုင်ရာရုံး တစ်ခုတွင် တာဝန်ထမ်းဆောင်နေသော အသက် ၃၀ အရွယ် Non-CDM ဝန်ထမ်းတစ်ဦးက “လောလောဆယ်တော့ အတင်းအကျပ်ဖိအားပေးတာ မရှိသေးပါဘူး။ ဒါပေမယ့် သေချာ တာတစ်ခုက သူတို့လုပ်ခိုင်းပြီးပြီဆိုရင်တော့ နောက်ပိုင်း ဖမ်းမှာပါ။ ဖမ်းရင်လည်း ဆိုင်ကယ် မသိမ်းပါဘူး။ ပိုက် ဆံတောင်းမှာပါ” ဟု ပြောသည်။
ယခုကဲ့သို့ မော်တော်ဆိုင်ကယ်များအား ယာဉ်လိုင်စင် ပြုလုပ်ပေးရခြင်းမှာ ဥပဒေနှင့်အညီ နိုင်ငံတော်အခွန်များ ရရှိစေရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တရားမဝင် ဝင်ရောက်နေသော မော်တော်ဆိုင်ကယ်များကို ဒဏ်ကြေးငွေဖြင့် ပေးဆောင်ခိုင်းစေပြီး တရားဝင်မှတ်ပုံတင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ကညနရုံးမှ ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ထားသော်လည်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ တင်ဆောင်လာသော ကားများကို စစ်ကောင် စီ တပ်သားများက လာဘ်ပေးလာဘ်ယူလုပ်ပြီး ဂိတ်များတွင် ဖြတ်သန်းခွင့်ပေးနေသည်ဟု တောင်ကြီး-တာချီ လိတ် လမ်းတစ်လျှောက် လိုင်စင်မဲ့ဆိုင်ကယ် သယ်ယူ ရောင်းချနေသူများက ပြောသည်။
ထို့ကြောင့် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဖမ်းဆီးမည်ဆိုပါက ဂိတ်မှာကတည်းက သယ်ဆောင်ခွင့်မပြုပဲ တစ်ခါ တည်း ဖမ်းဆီးသင့်ကြောင်းနှင့် မြို့သို့ ဝင်ရောက်ခွင့်ပေးပြီးမှ ဖမ်းဆီးကာ ပိုက်ဆံတောင်းခြင်းက သဘာဝမကျ ကြောင်း တောင်ကြီးမြို့ခံ ပြည်သူများက ပြောသည်။ ထို့ပြင် လိုင်စင်ဆိုင်ကယ်များ ပျောက်ဆုံးလျှင်လည်း စစ် ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ကညနရုံးတို့မှ တာဝန်ယူမှုမရှိသောကြောင့် လိုင်စင်မဲ့စီးခြင်းကသာ ပို အဆင်ပြေသည်ဟု မြို့ခံလူထုက ပြောသည်။
လက်ရှိတွင် တရားမဝင် မှောင်ခိုတင်သွင်းသည့် ဆိုင်ကယ်များသာ ဝင်ရောက်လာပြီး စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေး အဆမတန်ပေးနေရ၍ ဆိုင်ကယ်ဈေးမှာ အမြင့်ဆုံးသို့ ရောက်လျက်ရှိရာ ယခု ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံ ထုတ် အင်ဂျင်ပါဝါ ၁၅၀ cc တစ်စီးလျှင် မြန်မာငွေကျပ် သိန်း ၅၀ ကျော်ပေါက်ဈေးရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ကညနရုံး၏ အခွန်ကောက်ခံသည့် သတ်မှတ်ချက်မှာလည်း ထိုင်းနိုင်ငံထုတ် မော်တော် ဆိုင် ကယ်ဖြစ်သည့် ၂၀၂၂ မော်ဒယ် အင်ဂျင်ပါဝါ ၁၂၅/၁၅၀ cc တစ်စီးလျှင် ၇ သိန်းနီးပါး ကုန်ကျမည် ဖြစ်သည်ဟု သိရ သည်။ သို့ဖြစ်ပါ၍ လိုင်စင်ပြုလုပ်မည် ဆိုပါက ဆိုင်ကယ်တန်ဖိုးမှာ သိန်း ၆၀ ကျော် ကုန်ကျမည် ဖြစ်သောကြောင့် လက်ရှိကုန်ဈေး အခြေအနေနှင့် ပြုလုပ်သူ မရှိသလောက် နည်းနိုင်သည်ဟု Non-CDM ဝန်ထမ်းများက သုံးသပ် ပြောဆိုနေကြသည်။
ဓါတ်ပုံ - ကမ္ဘောဇတိုင်း