ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စုရှိ စစ်ဘေးရှောင် ၆၀၀ ကျော်အတွက် စားနပ် ရိက္ခာ အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့များက ပြော သည်။
ထိုစစ်ဘေးရှောင်များသည် မန္တလေး - နောင်ချို အစပ်ရှိ ကုလားကွဲကျေးရွာတွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့- မန္တလေး (PDF-Mandalay) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့၊ ညနေပိုင်း ကတည်းက စစ်ရှောင်လာကြသူများဖြစ်ပြီး ကုလားကွဲ၊ လုံခမ်းနှင့် ကြံခင်းကျေး စသည့် ကျေးရွာများက စစ်ဘေးရှောင်လာကြသူများ ဖြစ်သည်ဟု သိရသည်။
ယခုလက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအား ဒိုးပင်ဘုန်းကြီးကျောင်းက စား ဝတ် နေ ရေး အတွက် ကူညီ ပေးထားရသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးသည့် အဖွဲ့များက ပြောသည်။ စစ်ဘေးရှောင်ကူညီသည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “လောလောဆယ် လိုအပ်တာတော့ စားနပ်ရိက္ခာပေါ့။ ဆန်၊ ဆီ၊ ဆား ဘာညာနဲ့ အဝတ်အထည်၊ မိန်းကလေး အသုံးအဆောင်တွေ လိုတာပေါ့။ ထောက်ပံ့သူကတော့ လာကြပါတယ်။ လူအင်အားမမျှတော့ စားနပ်ရိက္ခာက လိုအပ်နေတုန်းပါ” ဟုပြောသည်။
လက်ရှိ နောင်ချိုမြို့နယ် ဒိုးပင်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များကို စစ်ဘေးဒဏ် မခံရသည့် နီးစပ်ရာကျေးရွာများကလည်း အဓိက ကူညီနေကြသည်ဟု သိရသည်။ ထို့အပြင် ကူညီပေးနေသည့် အရပ်ဘက် လူအဖွဲ့အစည်းများကလည်း အဖွဲ့ ၃ ဖွဲ့နှင့်အတူ ဒေသအတွင်းရှိ ဘုန်း ကြီးကျောင်း ၁၅ ကျောင်းက လည်း စုပေါင်းပြီး ကူညီပေးနေသည်ဟု သိရသည်။
သို့သော်လည်း စစ်ဘေးရှောင် အရေအတွက်မှာ များနေသောကြောင့် အခြားပြင်ပက အကူအညီများကိုပါ တောင်းခံနေရခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ အများစုမှာ လျှပ်စစ်မီး မရရှိသောကြောင့် စစ်ဘေးရှောင်များအား ကူညီ သည့် အဖွဲ့များအနေဖြင့် ညစဉ်ညတိုင်း မီးစက်ပါ မောင်းနှင်ပေးနေရပြီး အခြား အလှူရှင်များ မရှိပါက ရှေရှည် တွင် ဒီဇယ်ဆီအတွက်လည်း အခက်အခဲဖြစ်နိုင်သည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် ရွာခံများက ပြော သည်။
“ပုံမှန်ဆိုရင်တော့ လျှပ်စစ်မီးက မလိုပါဘူး။ အခုက စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အို၊ ကိုယ်ဝန် ဆောင်မိခင်၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းတွေ ပါတယ်။ သူတို့အတွက်က မီးမရှိလို့ မရဘူး။ ဒီဇယ်ဖိုးက တရက် ၅,၀၀၀ လောက်ကုန်နေတယ်။ အလှူငွေရထားတာနဲ့ဆို ဆယ်ရက်စာလောက်ပဲကျန်မယ်။ လူကိုယ်တိုင် လာမကူနိုင်ရင်တောင် ဖုန်းလေးနဲ့ ဆက်သွယ်ပြီး ကူညီပေးကြပါ” ဟု စစ်ဘေးရှောင်ကူညီသည့် ဒိုးပင်ရွာခံ တစ် ဦးက ပြောသည်။
နောင်ချိုမြို့နယ်တွင်းရှိ လုံခမ်းကျေးရွာနှင့် ကြံခင်းကျေးရွာတို့တွင် လတ်တလော စစ်ပွဲများ ပြင်းထန်နေမှုကြောင့် အခြေခံစာသင်ကျောင်းများ ပိတ်ထားရပြီး ဒိုးပင်ဘုန်းကြီးကျောင်းတွင် လက်ရှိ ခိုလှုံနေရသည့် စစ်ဘေးရှောင် ကလေးများလည်း ကျောင်းမနေရဘူးဟု စစ်ရှောင်များကို
ကူညီနေသူများက ပြောသည်။
ဒိုးပင်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၆၀၅ ဦး ခိုလှုံလျှက်ရှိရာ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ် ကြပြီး လီဆူနှင့် ဗမာ တိုင်းရင်းသားများလည်း ပါဝင်သည်ဟု သိရသည်။
အဆိုပါ စစ်ရှောင်များထဲတွင် အများစု မှာ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ မသန်စွမ်းသူများ ဖြစ်ကြသည်ဟု သိရသည်။
အလားတူ ဒိုးပင်ကျေးရွာနှင့် ၇ မိုင်ခန့်သာ ကွာဝေးပြီး ကား/ဆိုင်ကယ်ဖြင့် ၁၀ မိနစ်အတွင်း ရောက်နိုင်သော ဟိုခို ကျေးရွာတွင်လည်း အိမ်ထောင်စု ၃၆ စု၊ ခန့်မှန်းလူဦးရေ ၂၀၀ ကျော်ခန့် စားနပ်ရိက္ခာအတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
ထို့ကြောင့် နောင်ချိုမြို့နယ်အတွင်း စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအတွက် ခက်ခဲနေပြီး အကူအညီများ လို အပ်လျက်ရှိရာ စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့အစည်းများနှင့် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ခံများက စစ်ရှောင်များအား ကူညီပေးကြရန် တောင်းဆို နေကြသည်။