တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်ဒေသခံ ၂၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်ဒေသခံ ၂၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာ အနီးတဝိုက်တွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုများရှိနေပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အဘောင်သားကျေးရွာပြည်သူအားလုံးနီးပါးသည် သြဂုတ်လ ၂၄ ရက်နေ့က ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် ရိက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အဘောင်သားကျေးရွာသားများသည် ရွာလုံးကျွတ်နီးပါး ထွက်ပြေးလာကြပြီး ပလက်ဝမြို့ပေါ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများအနက် အိမ်ထောင်စု ၅၄ စုကို မြို့ပေါ် ဆိုင်ကလုံးစင်တာတွင် နေရာချထားပေးကာ ကျန် ၆၉ အိမ်ထောင်စုမှာ နီးစပ်ရာဆွေမျိုးများထံ ခေတ္တနေထိုင်ကြရသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

“မနေ့ညက တဖွဲဖွဲနဲ့ ကမန်းကတန်းရောက်လာတဲ့အခါကျတော့ ထင်းမရှိ ဆန်မရှိ ကမန်းကတန်းရှာလုပ် ဟင်းလည်းမရှိတာနဲ့ အခင်းပိုင်ရှင်ဆီသွား၊ လုပ်ဦးလို့ ချဉ်ဘောင် အဲဒီတမယ်နဲ့ မနေ့ညကတော့ လုပ်ပေးလိုက်တယ်၊ သူတို့တခါစားရင် ဆန်အိတ်တအိတ်နဲ့ တစ်ဝက်လောက်ကုန်တယ်" ဟု ပလက်ဝမြိုခံက ပြောသည်။

ယခုလက်ရှိ အဘောင်သားရွာထဲတွင် အိမ်ထောင်စု ၄ စုခန့် ကျန်ရှိနေသေးပြီး ၎င်းတို့မှာ ထွက်မပြေးနိုင်ကြသည့် အဘိုးအဘွားအရွယ်များ ဖြစ်ကြသည်ဟု သိရသည်။ ပလက်ဝမြို့နှင့် ၃ မိုင်ကျော်ကျော်ခန့်သာကွာဝေးသည့် အဘောင်သားကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲများ ဖြစ်ပွားသည့်အခါတွင် ၂၈၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူကာ ရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများလည်းရှိခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော အဘောင်သားကျေးရွာပြည်သူများကို ပလက်ဝမြို့ပေါ် ခရစ်ယာန်အသင်းတော်မှ ဆန်နှင့် ဟင်းသီးဟင်းရွက်များ ဝေငှပေးသည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) မှ ဆန်နှင့် ရိက္ခာများကိုလည်း ထောက်ပံ့ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ေပးနေကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည့် အဘောင်သားကျေးရွာသည် ပလက်ဝမြို့မှ ၃ မိုင်ကျော်ကျော်ခန့်ကွာဝေးပြီး အိမ်ခြေပေါင်း ၁၂၇ အိမ်နှင့် လူဦးရေ ၃၀၀ နီးပါးရှိသည်ဟု သိရသည်။

ပလက်ဝမြို့ပေါ်တွင် ယခင်က ရက္ခိိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ငါေးထာင်ကျော်ခန့်သည်လည်း ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်စခန်း ၅ ခုတွင် နေထိုင်ကြရဆဲဖြစ်သည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...