ရေးတွင် မီတာခများ ဈေးထပ်တက်

ရေးတွင် မီတာခများ ဈေးထပ်တက်

မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်ကို ကျပ် ၁၅၅၀ အထိ စျေးထပ် တက် သွားသည်ဟု ဒေသခံများက ပြောသည်။ အာဏာမသိမ်းမှီက တယူနစ်ဈေးမှာ ကျပ် ၄၀၀ ဖြစ်သည်။

စက်သုံးဆီ စျေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် ရေးမြို့နယ်အတွင်း လျှပ်စစ် ဓါတ် အား ဖြန့်ဖြူးနေသည့် ပုဂ္ဂလိက ကုမ္ပဏီများက တစ်ယူနစ်လျှင် မူလ ကျပ် ၁၃၅၀ မှ ကျပ် ၁၅၅၀ အထိ တိုးမြှင့် ကောက်ခံရန် မီးလင်းရေးကော်မတီက သြဂုတ်လ ၁၅ ရက်နေ့က ကြေညာထားသည်။

ထို့အပြင် လျှပ်စစ်မီး ဖြန့်ဖြူးခြင်းကိုလည်း အချိန်ပိုင်းသာ ဖြန့်ဖြူးပေးတော့မည်ဟုလည်း မီးလင်းရေးကော်မတီ က ကြေညာထားသည်။

”ဒီလကစပြီး မီတာခ တစ်ယူနစ် ၁၅၅၀ ကျပ် တိုးကောက်မယ်လို့ မီးလင်းရေးကော်မတီက ကြေညာထား တယ်။ မီတာခတွေက အခုဆို ၃ ဆ လောက်တက်သွားတယ်။ ချွေတာသုံးလည်း တစ်လတစ်လ အများကြီးကုန် တယ်” ဟု ရေးမြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာမသိမ်းခင် ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာ တစ်ယူနစ်လျှင် ကျပ် ၃၀၀ နှင့် ၅၀၀ ကြားသာ ရှိခဲ့ပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် တစ်ယူနစ်ကို ကျပ် ၉၀၀ မှ ကျပ် ၁၂၀၀ ရှိခဲ့ရာ၊ ဇွန်လကစတင်ပြီး တစ်ယူ နစ်လျှင် ကျပ် ၁၃၅၀ အထိ တိုးမြှင့်ကောက်ခံခဲ့ရာမှ ယခု ကျပ် ၁၅၅၀ အထိ စျေးတက်သွားခြင်း ဖြစ်သည်။

ထို့အတူ ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးလည်း တစ်ယူနစ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ အထိ စျေးတက်သွားသည်ဟု သုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။

လျှပ်စစ်မီတာခ မြင့်တက်လာသည့်အပြင် လျှပ်စစ်မီး အလုံအလောက်မရခြင်းနှင့် စက်သုံးဆီ ဝယ်မရခြင်းတို့ ကြောင့် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရသည့် လုပ်ငန်းရှင်များ၊ စက်ယန္တရားငယ်များဖြင့် အလုပ်လုပ် ကိုင်နေရသည့် လုပ်ငန်းရှင်များသည် အခက်အခဲများ ကြုံတွေ့နေရပြီး အချို့သော လုပ်ငန်းများမှာ ရပ်နားထားရ သည်အထိလည်း ရှိလာနေသည်ဟု ဆိုသည်။

”မီတာခကလဲ စျေးတက်၊ မီးစက်ကို အားကိုးဖို့ကလဲ ဆီကဝယ်မရ၊ အခုဆိုရင် မီးက အချိန်ပိုင်းပဲ ရနေတော့ လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတဲ့သူတွေ ဘာလုပ်စားရတော့မလဲ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မဟာဓါတ်အားလိုင်း မရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ကျေးရွာအတွင်းက ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးရေး လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိက ကုမ္ပဏီး သုံးခုရှိပြီး ရေးမြောက်ပိုင်း၊ တောင်ပိုင်းရှိ ရပ်ကွက်ကျေးရွာအများစုကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...