အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင် ခုခံတော်လှန်မှုများကို တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်းလိုသည့် သဘောထား စစ်ကောင်စီတွင် မရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။
ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၇၂ နှစ်ပြည့် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနား မိန့် ခွန်းတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုသို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “နိုင်ငံ၏ အာဏာကို တရားမဝင် သိမ်းယူ ထားသော စစ်အုပ်စု၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များသည် လက်နက်ကိုင် ခုခံ တော်လှန်မှုများကို တရားမျှတစွာ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများကို အဖြေရှာလိုသည့် အရိပ်အရောင် တစုံ တရာကိုမျှ မတွေ့ ရှိရသေးပေ” ဟု ပြောသည်။
ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအပေါ် စစ်ကောင်စီ၏ ရပ်တည်ချက် သဘောထားနှင့် ပတ် သက်၍ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယခုလို ဆက်ပြောသည်။
KNU ဥက္ကဋ္ဌ က “၂၀၂၁ ခုနှစ် ဖောဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာစစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီး ယခုလက်ရှိအချိန်တွင် နိုင်ငံရေး ပြဿနာဖြေရှင်းရေး၊ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ နိုင်ငံအား ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူပေါ်တွင် တည်ဆောက် နိုင်ရေးအတွက် စိတ်ဆန္ဒလုံးဝမရှိသည်ကို ပေါ်လွှင်ထင်ရှား စေပါသည်” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် အာဏာ သိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြတောင်းဆိုမှုများမှတဆင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်တပ်၏ အကြမ်းဖက်မှုများ ကို တော်လှန် တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။
ထိုအဖွဲ့အစည်းများကို စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားပြီး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်မည် မဟုတ်ကြောင်း တရားဝင် ပြောဆိုထားသည်။ သို့သော် တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်မည်ဟု စစ်ကောင်စီက ဆိုသည်။
အကြမ်းဖက်အဖွဲ့အစည်းများဟု သတ်မှတ်ထားသည့် CRPH၊ NUG၊ PDF တို့ကို စစ်ကောင်စီက တွေ့ဆုံ ဆွေးနွေးရန် လက်မခံသည့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီးပါးတွင် အာဏာ သိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွား နေသည်။
စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီတပ်က စစ်ရေး ပစ်မှတ်မဟုတ်သည့် အရပ်သား ပစ်မှတ်များကို လေယာဉ်ဖြင့် ဗုံကြဲတိုက်ခိုက်ခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြုလုပ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်စီးခြင်း စသည့် လူ့အခွင့်အရေးချိုး ဖောက် မှုများကို ကျူးလွန်နေသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း များက ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ် ကောင်စီတွင် သဘောဆန္ဒမရှိသည့်အတွက် နိုင်ငံတကာ၏ တိုက်တွန်းတောင်းဆိုမှုများနှင့် သွေဖယ် ကာ စစ်ရေးနှင့် အကြမ်းဖက်သော နည်းလမ်းများကိုသာ လုပ်ဆောင်နေသည်ဟု KNU ဥက္ကဋ္ဌ က ပြော သည်။
“ယခုလက်ရှိအချိန်တွင် အာဆီယံနိုင်ငံများအပြင် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက စစ်အုပ်စုအား ပြည်တွင်း ပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် အဖြေရှာရန် တိုက်တွန်းနေကြသော် လည်း စစ်အုပ်စုမှ လိုက်နာလုပ်ဆောင်မှုများ မရှိသည့်အပြင် တိုင်းရင်းသား ပြည်သူလူထုနှင့် စစ်အာ ဏာသိမ်းမှုကို ဆန့်ကျင်နေကြသော ပြည်သူလူထုနှင့် အစုအဖွဲ့များအား စစ်ရေးနှင့် အကြမ်းဖက်သော နည်းလမ်းများဖြင့် စစ်အုပ်စု၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်အမြင်ဖြင့်သာ လုပ်ဆောင်နေကြပါသည်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် ခုခံတော်လှန်ရေး တစ်လျှောက်လုံးတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တစ်စိုက်မတ်မတ် တောင်းဆိုခဲ့သည်ဟု ဆို သည်။
သို့သော် လူမျိုးကြီးဝါဒ စွဲကိုင်ထားသည့် အုပ်ချုပ်သူ အစိုးရများနှင့် စစ်အုပ်ချုပ်ရေး စနစ်များက နိုင်ငံ ရေးနည်းအရ နည်းမှန်လမ်းမှန် ကြိုးပမ်းအားထုတ်မှုများ မရှိခဲ့သည့်အတွက် လက်နက်ဖြင့် အကြမ်း ဖက်သည့် နည်းလမ်းများကိုသာ ထာဝရစဉ် ရွေးချယ်ခဲ့ကြသည်ဟု KNU ဥက္ကဋ္ဌ က ပြောသည်။