စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်များအား တိုက်ရိုက်ထိခိုက်မှုမရှိနိုင်မည့် မြို့ပြင်သို့ ထွက်ခွါလာပြီး စစ်ဆင်ရေးများလုပ်ဆောင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က စိန်ခေါ်လိုက်သည်။
ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ပစ္စည်းအမြောက်အများ ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ခြေ ၃၀ ကျော်လည်း ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု CDF-Hakha က ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက မြို့ပြင်သို့ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ရန် CDF-Hakha က သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။
ထို့နေ့တွင်လည်း ဟားခါးမြို့နယ် နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် Pi Chia Hnem အသက်ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတကာစစ်ဥပဒေ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ပြီး ပြည်သူများဆုံးရှုံးခဲ့ရသော နစ်နာမှုများနှင့် လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရလိမ့်မည်ဟု CDF-Hakha က သတိပေးထားသည်။
CDF-Hakha တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းထန်သောစစ်ဆင်ရေးများ ပိုမိုလုပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံလူပုဂ္ဂိုလ်များ၊ Non-CDM နှင့် ဒလန်များကိုလည်း CDF-Hakha ၏ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီပြင်းပြင်းထန်ထန် အရေးသွားမည်ဟု သိရသည်။