စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘို ပေါ်ဆန်းမွှေးဆန်များ စံချိန်တင် ဈေးမြင့်တက်နေသည်ဟု တောင်ကြီးမြို့ ပေါ် ရှိ ဆန်လက်လီ/လက္ကား ဆန်ဆိုင်လုပ်ငန်းရှင်များက ပြောသည်။
ရွှေဘိုပေါ်ဆန်းမွှေးများမှာ ၂၄ ပြည် တစ်အိတ်လျှင် ယခင် ကျပ် ၆၀,၀၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ရာမှ တံဆိပ် အမျိုး မျိုးပေါ် မူတည်၍ ယခု ၈၅,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိနေသည်ဟု သိရသည်။
“ပြီးခဲ့နှစ်ကတောင်မှ ရွှေဘိုမှာ နိုင်ငံရေး အခြေအနေကြောင့် ၈၀% ပဲ စိုက်နိုင်တယ်။ အဲဒီတော့ ဒီနှစ်အတွက် စပါးမျိုးက မရှိတော့ အများကြီးစိုက်လို့ မရဘူး။ အဲဒါကြောင့် ဒီနှစ်က ၄၀% ပဲ စိုက်နိုင်လို့ ဆန်အများကြီး မရှိ ဘူး။ ပြီးတော့ စစ်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် ပြေးနေရတယ်။ တချို့ဆို ရွာလုံးကျွတ် မီးရှို့ခံရလို့ ဘာမှ မလုပ် နိုင်တော့ဘူး။ ဆန်တွေ တင်ပို့တဲ့အခါမှာလည်း ဂိတ်ကြေးတွေက အများကြီး ပေးရတယ်။ တခါတလေ အသိမ်း ခံရတာလည်း ရှိတယ်” ဟု တောင်ကြီးမြို့ပေါ် မြို့မဈေးအနီးရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။
တောင်ကြီးမြို့ပေါ်တွင် ရွှေဘိုပေါ်ဆန်းမွှေးမှာ ယခင်က ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀- ၆၅,၀၀၀ ဈေး နှုန်းသာ ရှိခဲ့ရာ၊ ဇူလိုင်လ နောက်ဆုံး အပတ်မှစတင်၍ ကျပ် ၇၅,၀၀၀- ၈၀,၀၀၀ ဝန်းကျင်အထိ ဈေးတက်လာ ခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျပ် ၈၅,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိနေသည်ဟု သိရသည်။
ထို့ပြင် ရွှေဘို ပေါ်ဆန်းမွှေးဆန် သာမကပဲ ဖျာပုံ ပေါ်ဆန်မွှေးမှာလည်း ရေကြီးခြင်း၊ မြေဩဇာဈေး နှစ်ဆ မြင့် တက်လာခြင်းနှင့် ယခင်နှစ်များက စပါးမျိုးကောင်း မျိုးသန့် မရရှိခြင်းတို့ကြောင့် အထွက်နှုန်း လျှော့နည်းပြီး ကျပ် ၅၀,၀၀၀ ဝန်းကျင်မှ လက်ရှိတွင် ကျပ် ၆၀,၀၀၀ အထိ ဈေးတက်လာသည်ဟု သိရသည်။
ထိုသို့ ပေါ်ဆန်းမွှေးဆန်များ အဆမတန် ဈေးနှုန်း မြင့်တက်နေမှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ အိမ်ရှင်မများမှာ ဆန်လတ်၊ ဆန်ကြမ်း၊ ရှမ်းဆန်များနှင့် ရောနှောကာ ချက်ပြုတ် စားသောက်နေရကြသည်ဟု ဆိုသည်။
“ဆန်ဈေးက ဘယ်လောက်အထိ တက်လဲဆိုရင် ဖုန်းဆက်ပြီးမေးတဲ့ ဈေးနဲ့ အိမ်ကို ရောက်လာတဲ့ ဈေးက တောင် မတူတော့ဘူး။ အရင်ကလိုတော့ ဖုန်းဆက်မှာလို့ မရတော့ဘူး။ ရောက်လာရင် ဈေးကမတူလို့ ကိုယ် တိုင်ဆိုင်သွား ဘောင်ချာဖြတ်ပြီးမှ ပို့ခိုင်းရတော့။ အရင်လို ပေါ်ဆန်းမွှေးချည်းပဲ ချက်လို့ မရတော့ဘူး။ ပေါ် ဆန်းမွှေး ၂ ဗူးဆိုရင် ဆန်လတ်က တစ်ဗူးရောချက်နေရတယ်” ဟု တောင်ကြီးမြို့ပေါ်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အိမ်ရှင်မတစ်ဦး က ပြောသည်။
လက်ရှိ ရွှေဘို ပေါ်ဆန်းမွှေး စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ၂၃ သိန်းကျပ်အထိ ပေါက်ဈေး ရှိနေသည်ဟု သိရသည်။
ထိုသို့ ပေါက်ဈေး မြင့်နေ၍ လယ်ထွန်စက် ပိုင်ရှင်များမှာ ဓါတ်ဆီဈေး တက်သည်ဟု ဆိုကာ ထွန်ယက်စရိတ် ပိုတောင်းခြင်း၊ စပါးမျိုးကောင်း မျိုးသန့် ရောင်းချသူများမှာလည်း ကြိုက်ဈေး ခေါ်ရောင်းနိုင်ခြင်း၊ မြေဩဇာ ကုမ္မဏီများမှာလည်း ဒေါ်လာ ဈေးတက်သည်ကို အကြောင်းပြ၍ ဈေးတင်ရောင်းကြသည်ဟု ဆန်ကုန်သည် များက ပြောသည်။
ထို့အပြင် ကုန်သည်များကလည်း လမ်းပန်းဆက်သွယ်ရေး အကြောင်းပြကာ ဈေးတင်ရောင်းခြင်းများ ပြုလုပ်နိုင် သော်လည်း ရွှေဘိုဒေသက လယ်သမားများမှာ စပါးပေါက်ဈေး တင်ရောင်းနိုင်ရန် လက်ကျန် စပါးပင် မရှိနေ သောကြောင့် စားဝတ်နေရေးများလည်း ခက်ခဲလာနေကြသည်ဟု သိရသည်။
တောင်ကြီးမြို့နှင့် နီးစပ်နေသည့် စစ်ပွဲများ ဖြစ်ပွားနေသော ကယား (ကရင်နီ) ပြည်နယ်တွင်လည်း ရွှေဘို ပေါ် ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး စစ်ကောင်စီမှ ဆန်တင်ပို့ခွင့် မပေးသောကြောင့် စစ်ဘေးရှောင်များလည်း ရိက္ခာအတွက် ခက်ခဲနေကြသည်။